Saturday, December 15, 2012

အိန္ဒိယ တပ်မတော် လေယာဉ်မှူးများကို ဒေါ်စု ချီးကျူး

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၅ မိနစ်   

နယူးဒေလီ (မဇ္ဈိမ)။        ။ မြန်မာစစ်အစိုးရက ကောင်းမွန်စွာ ပြုမူဆက်ဆံခြင်း မခံခဲ့ရသည့်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ လေတပ် လေယာဉ်မှူးများကိုမူ “အတတ်ပညာရှင် ပီသ” ပြီး “သဘောသက္ကယ ကောင်း”လှသည်ဟု စနေနေ့က ချီးကျူး ပြောဆိုလိုက်သည်။

“ကျမရဲ့ အိန္ဒိယခရီးစဉ်ဟာဖြင့် အစမှ အဆုံးတိုင် ပျော်ရွှင်ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ သီးသန့်အနေနဲ့ သဘောကျစရာကတော့ ကျမကို အပြန်လိုက်ပို့ခဲ့တဲ့ လေတပ် လေယာဉ်မှူးတွေပါပဲ။ သူတို့ဟာ ကျမဖြစ်စေချင်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်လှတဲ့ စစ်ဖက်ဆိုင်ရာ သားကောင်းတွေဖြစ်ကြပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ကြောင်း The Times of India သတင်းစာကြီးတွင်
ဖော်ပြထားသည်။

နိုဝင်ဘာလအတွင်း အိန္ဒိယခရီးစဉ်တွင် အိန္ဒိယ တပ်မတော် လေတပ်မှ စစ်လေယာဉ်များဖြင့် ကြိုပို့လုပ်ပေးခဲ့ခြင်းဖြစ်သည်ကို ရည်ညွှန်းကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

စနေနေ့က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်း ခူရှီးဒ်  Salman Khurshid နှင့် မိနစ် ၄၀ ကြာ တွေ့ဆုံပြီးနောက် ထိုသို့ မှတ်မှတ်ရရထုတ်ဖော်ချီးကျူးလိုက်ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်း
ခြောက်ရက်ကြာ ခရီးစဉ်တလျှောက်လုံးတွင် အိန္ဒိယ အစိုးရနှင့် ပြည်သူများ၏ ဧည့်ခံကြိုဆိုမှုကိုလည်း ချီးကျူး ပြောဆိုသွားသည်။

နိုဝင်ဘာလ ၁၃ ရက်မှ ၁၈ ရက်နေ့အထိ ဒေါ်အောင်ဆန်းစုကြည်၏ ခြောက်ရက်တာ ခရီးစဉ်တွင် အိန္ဒိယ အစိုးရမှ နိုင်ငံတော်ဧည့်သည် အဆင့်အတန်းဖြင့် ကြိုဆိုဧည့်ခံခဲ့သည်ဟု လေ့လာသူများက သုံးသပ်ထားကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates