Friday, December 21, 2012

တက်ရောက်ဖူးမြော်ခွင့် ပိတ်ထားသည့် ပုဂံဘုရား ၅ ဆူအား ပြန်ဖွင့်ပေးရန်စီစဉ်

ခင်မျိုးသွယ် | သောကြာနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီများထဲမှ တက်ရောက်ဖူးမြော်ခွင့် ပိတ်ထားသည့် ဘုရားများအနက် ပုဂံဘုရား ၅ ဆူအား ခရီးသွား လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် ပြန်လည် ဖွင့်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“တက်ရောက် ဖူးမြော်ခွင့်ပိတ်ထားတဲ့ စေတီဘုရားတွေထဲက ကြံ့ခိုင်ရေးကောင်းတဲ့ ရွာဟောင်းကြီး၊
တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီ၊ သိကြားဟစ် ဘုရားစေတီ ၅ ဆူကို ခရီးသွား လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမူတွေကြောင့် ပြန်ဖွင့်ပေးဖို့ရှိပါတယ်။ အဲဒီအတွက် စည်းမျဉ်း စည်းကမ်းတွေ ရေးဆွဲနေပါပြီ ” ဟု ပုဂံ ရှေးဟောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

“အရင်အစိုးရ လက်ထက်ကတည်းက ရှေးဟောင်းဘုရားစေတီ ၅ ဆူပေါ် တက်ရောက် ဖူးမြော်ခွင့်ကို ပိတ်ထားခဲ့ တာပါ။ ပုဂံဘုရားတွေဟာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေ အများအပြား ရှိနေတဲ့အပြင် ထင်ရှား တဲ့ ဘုရားစေတီတွေ ဖြစ်တာကြောင့် ၂ဝ၁၁ နှစ်ကုန်ပိုင်းမှာ ဒီစေတီဘုရား ၂၂ ဆူပေါ်ကိုလည်း တက်ရောက်ဖူးမြော်ခွင့် ကို ပိတ်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ပိတ်ပင်ထားရသည့် စေတီပုထိုးများတွင် ကန်တော့ပုလ္လင်၊ သဗ္ဗညု၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ တရုတ်ပြေး၊ မီးငြိမ်းကုန်း၊ မင်္ဂလာစေတီ၊ ထီးလိုမင်းလို ဘုရားများ ပါဝင်သည်ဟု ဆိုသည်။

ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းက တည်ဆောက်ခဲ့သည့် စေတီပုထိုးများ ဖြစ်ကာ
မြန်မာ့ယဉ်ကျေးမှု အနုပညာ လက်ရာ များစွာ ကျန်ရှိနေပြီး ထိန်းသိမ်းရန် လိုအပ်၍ ထိုသို့ တက်ရောက်ဖူးမြော်ခွင့်ကို ယဉ်ကျေးမှုဝန်ကြီး ဌာနက ပိတ်ထားခဲ့ခြင်း ဖြစ်သည်။              

အဆိုပါစေတီဘုရားများမှာ တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သဖြင့် ထိန်းသိမ်းသည့် အနေဖြင့် ပြည်တွင်း ခရီးသွားများနှင့် နိုင်ငံခြား ခရီးသွားများပါ ခွင့်မပြုသင့်ကြောင်း ဝါရင့် ဧည့်လမ်းညွှန် ဦးခင်မောင်ညွှန့် က သုံးသပ် ပြောကြားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates