Wednesday, December 26, 2012

ဟဲဟိုး လေယာဉ်ပျက်ကျမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေး

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၁ မိနစ်

မဇ္ဈိမသတင်းဌာန ။         ။ Air Bagan လေကြောင်းလိုင်းမှ လေယာဉ်တစင်း အင်္ဂါနေ့က ရှမ်းပြည်နယ်
တောင်ပိုင်းရှိ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆ ထိခိုက်မှု ဖြစ်ပွါးကာ လူနှစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အစိုးရက စုံစမ်းစစ်ဆေးရန် ကော်မရှင်တခုကို ဖွဲ့စည်းလိုက်သည်။

လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း အား ဥက္ကဋ္ဌအဖြစ် တာဝန်ပေး ပြီးနှင့် အဖွဲ့ဝင် လေးဦးပါဝင်သော ကော်မရှင်ကို ပို့ဆောင်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

၂၆.၁၂.၂၀၁၂ ညနေ ၄း၃၀ နာရီတွင် ကန်တော်ကြီးပဲလစ် ပာိုတယ်တွင် Air Bagan လေယာဉ်ပျက်ကျခြင်းနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းနေစဉ်။ (ဓါတ်ပုံ ကောင်းထက်)

အနောက်နိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်မှုများ ရုပ်သိမ်းပေးလိုက်ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သူ နိုင်ငံခြားသား ဦးရေ သိသိသာသာ များပြားလာစဉ်တွင် ဟဲဟိုး လေဆိပ်၌ ဖြစ်ပွါးခဲ့သည့် မတော်တဆ ထိခိုက်မှုကြောင့် မြန်မာနိုင်ငံ၏ ခေတ်နောက်
ကျနေပြီ ဖြစ်သည့် လေကြောင်း ပျံသန်းမှု အန္တရာယ်ကင်းရှင်း လုံခြုံရေးစနစ်နှင့် စံနှုန်းများနှင့် ပတ်သတ်၍ မေးခွန်းများ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ထင်ရှားသည့် သွားရောက်လည်ပတ်စရာ နေရာများထဲတွင် ပါဝင်သည့် အင်းလေးကန်အား ဟဲဟိုးလေဆိပ်မှ တဆင့် သွားရောက်လေ့ ရှိသည်။

၂၂ နှစ်ခန့် သက်တမ်းရှိပြီဖြစ်သည့် ဖော်ကာ F100 လေယာဉ်သည် အင်္ဂါနေ့ နံနက်က နှင်းများ ထူထပ်စွာ ကျဆင်း နေချိန်တွင် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ရာ၌ ဓာတ်အားလိုင်း တခုနှင့် လေယာဉ်အောက်ပိုင်း စတင်တိုက်မိပြီး ကားလမ်းဘေးရှိ သစ်ပင်တန်းကို တိုက်မိကာ အနီးရှိ လယ်ကွင်းထဲတွင် ရပ်တန့်သွားကာ နှစ်မိနစ်ခန့် အကြာတွင် လေယာဉ်မီးလောင်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ဆိုသည်။

နိုင်ငံပိုင် သတင်းစာများအရ Air Bagan လေယာဉ် နံပါတ် XY-AGC သည် လေယာဉ်ဝန်ထမ်း ၆ ဦး၊ နိုင်ငံခြားသား ခရီးသည် ၄၈ ဦးနှင့် မြန်မာခရီးသည် ၁၇ ဦးကို တင်ဆောင်လာခဲ့ကြောင်း သိရသည်။ ထိုလေယာဉ်သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဟဲဟိုးသို့ နံနက် ၈နာရီ ၂၈ မိနစ်တွင် ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး နံနက် ၈နာရီ ၅၁ မိနစ်တွင် မတော်တဆ ထိခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်း
ဖြစ်ကြောင်း ရေးသားထားသည်။

ဟဲဟိုးလေဆိပ်တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ Air Bagan မှ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ ကန်တောင်ကြီး ပဲလေ့စ် ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ရာ စီမံမှုဒါရိုက်တာ ဦးထူးထက်ထွေး ပြောကြားနေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) နိုင်ငံခြားသား ခရီးသည်များအတွက် အမေရိကန်ဒေါ်လာ ၂,ဝဝဝ စီနှင့် မြန်မာခရီးသည်များအတွက် ကျပ် သုံးသိန်းစီ သုံးစွဲရန် ပေးမည်ဖြစ်သော်လည်း လျော်ကြေးနှင့် ပတ်သက်၍ ပြောဆိုမသွားပေ။)

လေယာဉ်သည် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ရာ၌ လေယာဉ်ပြေးလိမ်းထပ်မှ ၁ မိုင်ခန့် အကွာရှိ အရှေ့အနောက် ကန့်လန့်ဖြတ် သွယ်တန်းထားသော ကလော-အောင်သပြေ (၆၆) kVA ဓာတ်အားလိုင်းနှင့် လေယာဉ်အောက်ပိုင်း စတင်တိုက်မိပြီး တောင်ကြီး-မိတ္ထီလာ ကားလမ်းဘေးရှိ သစ်ပင်တန်းကို ဆက်လက်တိုက်မိကာ လေယာဉ်ကွင်း အနီးရှိ လယ်ကွင်းထဲတွင် လျှောတိုက်၍
လေယာဉ်ရပ်တန့််သွားခဲ့ပြီးနောက် လေယာဉ်ဝန်ထမ်းများက အရေးပေါ် တံခါးတခုဖွင့်၍ ခရီးသည်များအား လေယာဉ်ပြင်ပသို့ ခေါ်ထုတ်နိုင်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ဆိုသည်။

လေယာဉ်၏ အမြီးပိုင်း ကျိုးပျက်သွားကာ မီးလောင်သွားခဲ့ကြောင်း အရာရှိများက ဆိုခဲ့ပြီး ထိုသို့ ဖြစ်ရခြင်းမှာ လေယာဉ်သည် ဓာတ်အားလိုင်း သို့မဟုတ် သစ်ပင်များနှင့် တိုက်မိခဲ့သောကြောင့် ဖြစ်မည်ဟု ယူဆကြသည်။ ထို့ပြင် အခင်းဖြစ်ပွါးချိန်၌ မြေပြင်ပေါ်တွင်
မော်တော်ဆိုင်ကယ် တစီးနှင့် တိုက်မိကာ ဆိုင်ကယ်စီးလာသူ တဦး သေဆုံးခဲ့ သည်။

သတင်းများအရ လေယာဉ်မယ် တဦးမှာ မတော်တဆဖြစ်မှုကို လျှင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး လေယာဉ် အရေးပေါ် တံခါးတခုကို ဖွင့်ပေးခဲ့သဖြင့် ခရီးသည်များမှာ မီးလောင်နေသည့် လေယာဉ်ပြင်ပသို့ လွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွါးရာသို့ ရောက်ရှိခဲ့သည့် AFP သတင်းထောက် တဦးက လေယာဉ် ကိုယ်ထည်မှာ အားလုံးနီးပါး
လောင်ကျွမ်းသွားခဲ့ပြီး လေယာဉ်တောင်ပံ အစိတ်အပိုင်း တခုမှာမူ အနီးရှိ လမ်းမနားတွင်
ရောက်နေကြောင်း ဆိုခဲ့သည်။

ခရီးသည် မြန်မာ ဧည့်လမ်းညွှန် တဦး သေဆုံးခဲ့ပြီး အနည်းဆုံး ခရီးသည် ၁၁ ဦး အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ သည်ဟု ဆိုသည်။ Air Bagan က ဆိုရာတွင် ဒဏ်ရာရရှိသူ အမေရိကန် နိုင်ငံသား ၂ ဦးအား ဆေးကုသမှု ခံယူရန် အတွက် ထိုင်းနိုင်ငံ ဘန်ကောက်သို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ ဗြိတိသျှ နှစ်ဦး၊ တောင်ကိုရီး ယား တဦးနှင့် လေယာဉ်မောင်းသူ နှစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ခရီးသည်များကို တောင်ကြီးမြို့ စစ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ ဝိတိုရိယနှင့် ပြည်သူ့ဆေးရုံကြီးတို့သို့ ညပိုင်းတွင် ဆက်လက်ပို့ဆောင် ခဲ့သည်ဟု သိရသည်။

“ကျနော်တို့ အနေနဲ့ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေနေတုန်းပါပဲ” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဦးဆောင် မည့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က AFP သတင်းထောက်ကို ဟဲဟိုးလေဆိပ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

Air Bagan ၏ တရားဝင် Facebook page တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ကြေညာချက် ထဲတွင် “လူနှစ်ဦး သေဆုံးခဲ့ရသည့် အတွက် Air Bagan အနေဖြင့် အထူး ဝမ်းနည်းကြေကွဲရကြောင်းကို ကျန်ရစ်သူ မိသားစုများကို ပြောကြားလိုကြောင်း” ထည့်သွင်း ရေးသားထားသည်။

ဟဲဟိုးလေဆိပ်တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ Air Bagan မှ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ ကန်တောင်ကြီး ပဲလေ့စ် ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ရာ လေယာဉ်မယ် မခိုင်စုလှိုင် က ပြောကြာနေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

“Air Bagan အနေဖြင့် ပို့ဆောင်ရေး ဝန်ကြီးဌာန နှင့် ပူးပေါင်းကာ မတော်တဆ ထိခိုက်မှု ဖြစ်ရခြင်း၏ အကြောင်းရင်း ကို စုံစမ်းရှာဖွေနေပါသည်။ ကျနော်တို့အနေနှင့် ခရီးသည် အားလုံးအတွက် အပြည့်အဝ တာဝန်ယူမည် ဖြစ်ကာ နောက်ထပ် သတင်းအချက် အလက်များ ရရှိလျှင် ရရှိခြင်း သတင်းထုတ်ပြန်ပါမည်” ဟုလည်း ရေးသားထားသည်။

Air Bagan လေကြောင်းလိုင်းအား အာဏာပိုင်များနှင့် ရင်းနှီးလှသည့် စီးပွါးရေး လုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဦးတေဇမှာ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့်
မြန်မာစစ်အစိုးရ အတွက် တရားမဝင်သည့် ကိစ္စများ ဆောင်ရွက်ပေးခဲ့ပြီး လက်နက်ပွဲစား လုပ်ပေးခဲ့သည်ဟု ဆိုခဲ့ပြီး အမေရိကန်နှင့် ဥရောပ သမဂ္ဂက ဦးတေဇအား အမည်ပျက်စာရင်းထဲတွင် ထည့်သွင်းခဲ့သည်။

ကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရသည့် လေယာဉ်မှာ XY-AGC Fokker 100 ဖြစ်ပြီး ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီတွင် ပထမဆုံး အကြိမ် စတင် ပျံသန်းခဲ့သည့် လေယာဉ်ဖြစ်သည်။ Air Bagan သည် ထိုလေယာဉ်အား ၂ဝဝ၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုမတော်တဆ ထိခိုက်မှုကြောင့် ယခုလောလောဆယ် ရက်များအတွင်းတွင် Air Bagan ၏ ဟဲဟိုးသို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်များနှင့် ဟဲဟိုးမှ ထွက်ခွာလာမည့် လေကြောင်း ခရီးစဉ် ပျံသန်းချိန်များအပေါ် အကျိုးသက်ရောက်ပုံ မရပေ။ Air Bagan လေယာဉ် W9-011 သည် နဂို အချိန်ဇယားအတိုင်း ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီ ၃၅ မိနစ်တွင် (မတော်တဆ ထိခိုက်မှု ဖြစ်ပြီး တရက်အကြာတွင်) နိုင်ငံခြားသား နှင့် အခြားခရီးသည်များကို တင်ဆောင်ကာ ဟဲဟိုးမှ ရန်ကုန်မြို့သို့ ပျံသန်းမည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ အစောပိုင်းက မဇ္ဈိမ သတင်းထောက် တယောက်က အတည်ပြုခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates