Saturday, December 15, 2012

မြန်မာ့တံမြက်စည်းနှင့် ရိုးတံများကို အိန္ဒိယနှင့်ပါကစ္စတန်မှ အများဆုံးဝယ်

ခင်မျိုးသွယ် | စနေနေ့၊ ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၉ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံ အနှံ့အပြားတွင် အလေ့ကျ ပေါက်ရောက်သည့် Broom Stick ခေါ် တံမြက်စည်းပင်များကို အိမ်တွင်း လက်မှုလုပ်ငန်းအဖြစ် လုပ်ကိုင် ထုတ်လုပ်လျက်ရှိသော တံမြက်စည်းများနှင့် တံမြက်စည်း ရိုးတံများကို အိန္ဒိယနှင့် ပါကစ္စတန်တို့မှ အများဆုံး ဝယ်ယူလျက်ရှိကြောင်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ပြည်ပနိုင်ငံတွေကို တံမြက်စည်း တင်ပို့ဖို့အတွက် လွန်ခဲ့တဲ့ သုံးနှစ်လောက်ထဲက ပို့ကုန် လိုင်စင် လာရောက် ဗလျှက်ထားတာ တွေ့ရတယ်။ ပင်လယ်ရေကြောင်း ပို့ဆောင်မှုနဲ့ အဓိက တင်ပို့နေတာပါ။ တင်ပို့တဲ့အခါ တံမြက်စည်းကို အမျိုးအစား သုံးမျိုး ခွဲပြီး လိုင်စင် လျှောက်ထားတာ တွေ့ရတယ်” ဟု ပို့ကုန်လိုင်စင် ဌာနမှ  တာဝန်ရှိသူ တဦးက ပြောကြားသည်။

တံမြက်စည်း တင်ပို့ရာတွင် အမျိုးအစား A တချောင်းလျှင် ၀.၄၅ အမေရိကန် ဒေါ်လာခန့်၊ အမျိုးအစား B တချောင်းလျှင် ၀.၄၂ ဒေါ်လာနှင့် အမျိုးအစား C တချောင်းလျှင် ၀.၃၅ သို့မဟုတ် ၀.၄၀ ဒေါ်လာခန့် ရရှိပြီး တံမြက်စည်း ရိုးတံခြောက်များကို ၁ ကီလိုဂရမ်လျှင် ၀.၂၈ ဒေါ်လာခန့်ဖြင့် တင်ပို့လျက်ရှိကြောင်း ဌာန၏ မှတ်တမ်းများအရ သိရသည်။

“ဆိုင်မှာ ရောင်းနေတဲ့ တံမြက်စည်းတွေကို ၁ ချောင်းကို ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ကနေ အများဆုံး ၆၀၀ ကျပ်အထိ ရောင်းရပါတယ်” ဟု အင်းစိန် လှိုင်ရတနာ ဈေးအတွင်း တံမြက်စည်းများ ရောင်းချနေသူ
ဒေါ်အေးမြင့် က ပြောသည်။

တံမြက်စည်းနှင့်တံမြက်စည်းရိုးတံတင်ပို့သူများသည် ဧရာတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း အတွင်းရှိ တိုက်ကြီးမြို့နယ်တို့က ဝယ်ယူ၍ တင်ပို့လျက်ရှိသည်ဟု ဆိုသည်။

တင်ပို့ရာတွင် စင်္ကပူ၊ တောင်ကိုရီးယား၊ ပိုလန်၊ ဆော်ဒီအာရေဗျနှင့် ထိုင်းနိုင်ငံတို့ကိုပါ တင်ပို့လျက်ရှိသည်။

“တံမြက်စည်းပင်တွေက အမြစ်တွေ၊ သစ်ဥ သစ်ဖုတွေလို မျိုးပွားအရင်းအမြစ်ပါမကျန် တူးပို့ရတဲ့ ပစ္စည်းတွေလို မဟုတ်ဘဲ သဘာဝအလျှောက် ပေါက်ရောက်တာကို ခုတ်ယူသုံးစွဲရတာမျိုးဆိုတော့
ပြန်လည်ပြည့်ဖြိုးနိုင်တဲ့ ပစ္စည်းတွေပါ။ မိုးအကုန်မှာ ကိုင်းသမားတွေ တံမြက်စည်းရိုး ခုတ်ပြီး မိသားစု ဝင်ငွေရှာကြတာမျိုးပါ။ တံမြက်စည်းရိုး တင်ပို့တဲ့လုပ်ငန်း ပိုမိုကျယ်ပြန့်လာရင်  တပိုင်တနိုင်တ လုပ်ကိုင်သူတွေအတွက် ဝင်ငွေ ပိုရလာနိုင်ပါတယ်” ဟု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းပြုနေသူ ကိုသန်းထွန်းအောင် က ဆိုသည်။

မြန်မာနိုင်ငံမှ တံမြက်စည်း တင်ပို့မှုမှာ ၂၀၁၀-၂၀၁၁ တွင် တန် ၃၀၀ ခန့်၊ ၂၀၁၁-၂၀၁၂ တွင် တန် ၁၇၀ ခန့်၊နှင့် ၂၀၁၂-၂၀၁၃ ခုနှစ် စက်တင်္ဘာလကုန်အထိ တန် ၄၃၀ ကျော် တင်ပို့ ရောင်းချပြီး ဖြစ်ကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates