Wednesday, December 26, 2012

မြန်မာ့ သားငါးကဏ္ဍတွင် ဗီယက်နမ်နှင့် ပူးပေါင်း လုပ်ကိုင်မည်

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၁၈ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်တွင်း သားငါး မွေးမြူရေးဌာနတွင် မြန်မာ လုပ်ငန်းရှင်များနှင့် ဗီယက်နမ် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြမည်ဖြစ်ကြောင်း ရန်ကုန်မြို့ အနောက် ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် က ဆိုသည်။

ယင်းအတွက် ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒု-ဝန်ကြီး Ms Nguyen Thai XuanThu နှင့် အဖွဲ့ဝင် ၁ဝ ဦးတို့သည် မွေးမြူရေးနှင့် ရေလုပ်ငန်း ဒု-ဝန်ကြီးနှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံခဲ့ သည်။

“၂၄ ရက်နေ့က ဆွေးနွေးမူမှာ အအေးပိုင်းဒေသ ငါးတွေဖြစ်တဲ့ ဆော်လမွန်ငါး၊ ပင်လယ်မျှော့၊ ခရု၊ ဂုံး၊ ကျောက်ပုစွန်၊ ရေငန်ပုစွန်၊ ငါးတန်မွေးမြူဖို့ ဆွေးနွေးသွားပါတယ်” ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဦးသန်းဝင်းအောင် က ပြောသည်။

နှစ်နိုင်ငံအကြား သားငါးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြသည်။ ထို့အပြင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများတွင် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံတွင် သားငါးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံရန်နှင့် နှင်နိုင်ငံအကြား သားငါးထွက်ကုန်များ ကုန်သွယ်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့သည်။

“ဗီယက်နမ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုအနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပုလဲနဒီကုမ္ပဏီနဲ့ အအေးပိုင်း ငါးတွေ မွေးဖို့နဲ့ မြိတ်ကျွန်းစုတွေမှာ ကျောက်ပုစွန်၊ ပင်လယ်မျှော့တွေနဲ့ ခရုတွေ မွေးမြူဖို့ လုပ်မယ်လို့ ကြေညာခဲ့ဖူးတယ်။ နောက်ပိုင်း မှာ အဲဒီသတင်းက ပြန်ငြိမ်သွားတယ်” ဟု ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ငါးတန် မွေးမြူရေးလုပ်ငန်းရှင် ဦးကျော်မြင့် က ပြောသည်။

လက်ရှိအနေအထားတွင် ဗီယက်နမ်နိုင်ငံသည် ဈေးကွက်ဝင် ငါးများ မွေးမြူကာ ကမ္ဘာ့ ငါးဈေးကွက်တွင် ဈေးကွက်နေရာ ရယူထားလျက်ရှိသည့်အပြင် ငါးတန်ကို ဖြူအောင် မွေးမြူနိုင်သဖြင့် ငါးတန်ဈေးကွက်ကိုလည်း ရယူထားနိုင် သည့် အနေအထားရှိသည်။

မကြာမီကာလအတွင်း အလုပ်အဖွဲ့ စာရင်းများ နှစ်နိုင်ငံ အပြန်အလှန် ပေးပို့သွားမည်ဖြစ်ပြီး ထိုအဖွဲ့နှစ်ခု ပူးပေါင်းကာ မြန်မာနိုင်ငံ သားငါး မွေးမြူရေးကဏ္ဍတွင် လုပ်ကိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates