Monday, December 3, 2012

ဘော်ရယ်ဂျီနှင့် လမ်းခွဲ၊ ဘွန်ဂျက်နှင့် တွဲမည့် ရတနာပုံအသင်း

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဒီဇင်ဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ မန္တလေး အခြေစိုက် ရတနာပုံအသင်းသည် မူလက စာချုပ်သက်တမ်းတိုးရန် စီစဉ်ထားခဲ့ သည့် နည်းပြ ဘော်ရယ်ဂျီအား စာချုပ်သစ် မချုပ်ဆိုတော့ဘဲ လမ်းခွဲလိုက်ပြီ ဖြစ်သည်။

ရတနာပုံ ပရိသတ်များ သဘောကျ နှစ်ခြိုက်ခြင်းမရှိသည့် ဘော်ရယ်ဂျီသည် ဒီဇင်ဘာလအတွင်း အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်ထားသော်လည်း ထိုင်းအသင်းတခုသို့ သွားရောက်နည်းပြလို၍ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း အသင်း၏ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။

“ဘော်ရယ်ဂျီအနေနဲ့ ထိုင်း ပထမတန်း ကလပ်အသင်း တသင်းမှာ သွားပြီး နည်းပြတော့မယ်လို့ ကျနော်တို့ဆီ ခွင့်တောင်းလာပါတယ်။ ဒါကြောင့်ပဲ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သူနဲ့ လမ်းခွဲခဲ့တာပါ” ဟု ရတနာပုံအသင်း မီဒီယာတာဝန်ခံ ကိုသိန်းသန်းတိုးက ပြောသည်။

ထို့အပြင် ရတနာပုံအနေဖြင့် ဘော်ရယ်ဂျီနှင့် လွယ်လင့်တကူ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ပရိသတ်ကြောင့်လည်းဖြစ်ကြောင်း “ရတနာပုံအနေနဲ့ ပြီးခဲ့တဲ့ ရာသီတုန်းက အဆင့် သုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် မန္တလေး ပရိသတ်တွေကတော့ ဘော်ရယ်ဂျီကို သဘောမကျခဲ့ပါဘူး။ ဒါဟာ သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့ အဓိက အချက်လည်း ဖြစ်ပါတယ်” ဟု ကိုသိန်းသန်းတိုးက ပြောသည်။

ရတနာပုံအတွက် နည်းပြအသစ် အစားထိုးရန် ဆားဘီးယား လူမျိုး ဘောရစ် ဘွန်ဂျက် ကို ရရှိခဲ့သည်။

၁၉၉ဝ ခုနှစ်မှ စတင်၍ ယနေ့အထိ ကလပ်အသင်း ၁၂ သင်းကို နည်းပြတာဝန် ယူခဲ့ဖူးသော ဘွန်ဂျက်သည် ဖီဖာ၏ တရားဝင်နည်းပြလိုင်စင်ကို ရရှိထားပြီး တန်ဇန်နီးယား ကလပ်အသင်း တသင်းဖြစ်သည့် အေဇမ်းအသင်းမှ နေ၍ ရတနာပုံသို့ ပြောင်းရွှေ့လာမည် ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် နည်းပြ အပြောင်းအလဲမှာ ကျနော်တို့အသင်း တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့
မျှော်လင့်ပါတယ်” ဟု ရတနာပုံအသင်း၏ ပရိသတ် တဦးဖြစ်သူ ကိုအောင်စိုးဦး က မဇ္ဈိမကိုပြောသည်။

ထိုသို့ ရတနာပုံအသင်း၏ နည်းပြ အပြောင်းအလဲအပေါ် ပရိသတ်များက ကြိုဆိုခဲ့ကြပြီး မဇ္ဈိမ မှ မေးမြန်းခဲ့သော ပရိသတ် ငါးဦးတွင် ငါးဦးစလုံးက နည်းပြ အပြောင်းအလဲကြောင့် အသင်း၏ တိုးတက်မှုကို မျှော်လင့်ကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates