Tuesday, December 25, 2012

၂၀၁၂ ခုနှစ်အတွင်း မြန်မာပြည်မှ အထူးခြားဆုံး အဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၉)

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၁ မိနစ်

မဇ္ဈိမ၏ ထုတ်ဝေရေး လုပ်ငန်းတခုဖြစ်သော M-Zine+ က တနှစ်အတွင်း ထူးခြားသည့် အဖြစ်အပျက်ကြီး ၁၀ ခုကို အယ်ဒီတာ့အကြိုက်အဖြစ် ရွေးချယ်ထားသည်။

အမှတ် ၁၀ ကို ဖော်ပြခဲ့ပြီးဖြစ်၍ ယခု အမှတ် ၉ ကို ဖော်ပြမည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အထူးခြားဆုံး အဖြစ်အပျက်ဖြင့် အဆုံးသတ်မည် ဖြစ်ပါသည်။

(အမှတ် ၉) သမ္မတကြီး မီဒီယာနှင့် တွေ့ဆုံခြင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) ၂ နာရီကျော် ကြာမြင့်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးခွန်းပေါင်း ၃၀ ကျော်ကို သမ္မတ က ဖြေကြားသွားခဲ့သည်။

မြန်မာနိုင်ငံရှိ အစိုးရ ထုတ်ဝေသော မီဒီယာများဆိုသည်မှာ အာဏာရှင်စနစ်၏ အသုံးအနှုံးများကို ဟာသအဖြစ် ဖတ်ရှုသူများအတွက်သာ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

ယေဘူယျပြောရလျှင် နိုင်ငံပိုင်မီဒီယာများက အာဏာပိုင်များ ကမ္ဘာကြီးကို ဘယ်လိုမြင်သည် ဆိုသည့်အမြင်အတိုင်း ထင်ဟပ်ဖော်ပြကြခြင်းသာ ဖြစ်သည်။ ဤသို့ ဆို၍ အင်္ဂလိပ် စကားပုံတခုတွင် ပါသလို 'ကြောင်ကလေးက ဘုရင်မင်းမြတ်ကို စကားပြောနိုင်သည်' ဟူ၍မူ မဆိုလိုပါ။

အစိုးရ၏ ပုံနှိပ်မီဒီယာများတွင် ဘွဲ့တံဆိပ်မျိုးစုံ တပ်ဆင်ထားသော ဗိုလ်ချုပ်ကြီးများ စက်ရုံအလုပ်ရုံများသို့ သက်ဦးဆံပိုင်ဘုရင်ကြီးများသဖွယ် လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညွှန်ကြားနေသည်ကိုသာ
တွေ့ရသည်။ သူတို့လို ရေမြေ့ရှင်များက ပေးပို့သော သဝဏ်လွှာများကိုသာ တွေ့ရမည်။ အတိုက်အခံ
ခေါင်းဆောင်ကိုမူ သွေးစုပ်ဖုတ်ကောင်အဖြစ် ကာတွန်းဆွဲ သရုပ်ဖျက်ထားမည်။

နေရာတကာ တွေ့နိုင်သော ဆိုင်းဘုတ်ကြီးများတွင် အဖြူပေါ် အနီရောင် စာလုံးများနှင့် ရေးသားထားသည့် 'တို့တာဝန် အရေးသုံးပါး'များကိုသာ စစ်အစိုးရ၏ အဓိကတန်ဘိုးအဖြစ် ပုံနှိပ်မီဒီယာတွင် ပုံမှန်
ဖော်ပြပေးနေသည်။

မီဒီယာ အခင်းအကျင်းမှာ ပြည့်စုံကောင်းမွန်မှု မရှိသေးသော်လည်း မကြာသေးမီ နှစ်များအတွင်း ပုဂ္ဂလိက မီဒီယာများ ပေါ်ထွန်းလာခဲ့သည်။ ဤမီဒီယာတို့သည် ဆင်ဆာအဖွဲ့၏ စိစစ်ကြည့်ရှုမှုကို ခံရသော်လည်း ယခုနှစ်အတွင်း အပြောင်းလဲကြီး ပြောင်းလဲခဲ့သည်။ ဤသို့ ပြောင်းလဲခဲ့ခြင်းသည် ထာဝရဖြစ်ပြီး
နောက်ကြောင်း ပြန်မလှည့်ဟုမူ မျှော်လင့်ရသည်။

ဆင်ဆာအဖွဲ့သို့ တင်ပြရခြင်းကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပြီး မီဒီယာဥပဒေသစ် တရပ်ကိုလည်း
ရေးဆွဲနေသည်။ အချို့သော အဖြစ်အပျက်များဆိုလျှင် လွန်ခဲ့သော နှစ်အနည်းငယ်က စဉ်းပင်မစဉ်းစားနိုင်သော အဖြစ်အပျက်များ ဖြစ်သည်။ အောက်တိုဘာလ ၂၁ ရက်တွင် သမ္မတ က နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြီး ပြည်တွင်း သတင်းထောက်များကို (နိုင်ငံခြားမီဒီယာအချို့နှင့်အတူ) တွေ့ဆုံခဲ့သည်။

လွတ်လပ်သော စတုတ္ထမဏိုင်အတွက် တိုက်ပွဲဝင်နေခြင်း အောင်ပွဲခံပြီဟုမူ ယခု အချိန်တွင် ပြော၍ မဖြစ်သေးပါ။ မီဒီယာအပေါ် ကန့်သတ်ချက်များ ပပျောက်သွားပြီ သို့တည်းမဟုတ် အကန့်အသတ်ဖြင့်သာ ရှိတော့သည်ဟု ဆိုသော်လည်း မီဒီယာသမားများအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွါးကို ထည့်သွင်းစဉ်းစားရန်နှင့် ဤပြဿနာ ထိုပြဿနာတို့တွင် ပြည်သူလူထု၏ စိတ်ခံစားချက်ကို လှုံ့ဆော်နိုင်သည့် သီးခြား လွတ်လပ်သော အာဏာဗဟိုများ မထူထောင်မိစေရန်မူ ဂရုပြုဖို့ လိုပါသည်။ မီဒီယာအချို့က သူတို့၏ ဒေါသနှင့် ဘက်လိုက်မှုတို့ကို သူတို့အလိုကျ
ဖြစ်စေချင်သည့်အတိုင်း ဖော်ပြရေးသားခဲ့သည်တို့ကို ယခုနှစ် နွေရာသီတွင်မြင် တွေ့ခဲ့ရသည်။

အခြားသော ပြဿနာ အများအပြားကဲ့သို့ပင် နိုင်ငံတော်၊ ပြည်သူလူထု နှင့် မီဒီယာတို့အကြား လက်ရှိဖြစ်ပေါ်နေသော ဖြစ်ထွန်းတိုးတက်မှုသည် ဖြစ်စဉ်တခုသာဖြစ်ပြီး ပုံမှန် အလေးဂရုပြု လုပ်ဆောင်ဖို့လိုကာ နောက်တကြိမ် အလုပ်မဖြစ်မည့်အခြေသို့ ပြန်ဆိုက်မသွားအောင် ဂရုပြုရပါမည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates