Saturday, December 22, 2012

ထားဝယ်၊ ကျောက်ဖြူ၊ သီလဝါတို့တွင် အိန္ဒိယ ရင်းနှီးမြှုပ်နှံရန် သမ္မတ ဖိတ်ခေါ်ခဲ့

ကိုပေါက် | စနေနေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။              ။ မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်များ၌ လာရောက်ရင်းနှီးမြှပ်နှံကြရန် အိန္ဒိယ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များအား သမ္မတ ဦးသိန်းစိန် က ဖိတ်ခေါ်ခဲ့သည်။

သောကြာနေ့ညက မုံဘိုင်းမြို့တွင် ပြုလုပ်ခဲ့သည့် တံခါးပိတ် ညစာစားပွဲတွင် ဦးသိန်းစိန် က အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းချုပ် CII မှ အမှုဆောင် အရာရှိများအား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

Mahindra & Mahindra နှင့် TATA အစရှိသော အိန္ဒိယ လုပ်ငန်းရှင်များဘက်မှ ပြသလာသော
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံလိုစိတ်များအား သမ္မတက တုန့်ပြန်ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း
မြန်မာသံမှူးကြီးက ပြောသည်။

“Mahindra & Mahindra က ပြောတာက အထူးစီးပွားရေးဇုန်တွေ လုပ်ချင်တယ်၊ TATA ကလည်း
ကျောက်မီးသွေး သုံးတဲ့ ဓာတ်အားပေး စက်ရုံတွေ တည်ထောင်ချင်တယ်၊ နောက်
မော်တော်ယာဉ် ထုတ်တဲ့အခါမှာ အရင်ဆုံး parts (အစိတ်အပိုင်း)တွေ သွင်းတဲ့အခါမှာ အခွန်က တမျိုး ပေးရတယ်၊ ပြီးတော့ တပ်ဆင်ပြီး မော်တော်ကား အချောထွက် လာတဲ့အခါမှာ အခွန်ကို တမျိုးပေးရပြန်တယ်။ အဲလို နှစ်မျိုးဖြစ်နေတာကို သူတို့က ပြောတော့ သမ္မတကြီးက ပြောပါ တယ် ကူညီမယ်၊ တတ်နိုင်တာ လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်” ဟု သံရုံးယာယီတာဝန်ခံ ဦးဘလှအေး က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရှိ တနင်္သာရီတိုင်းတွင် ထားဝယ်၊ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူနှင့် ရန်ကုန်တိုင်းတွင် သီလဝါ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်မည်ဖြစ်ရာ အိန္ဒိယ လုပ်ငန်းရှင်များလည်း အမြန်လာရောက် ရင်းနှီးမြှုပ်နှံကြရန် သမ္မတ က ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သမ္မတ က ပြောပြရာတွင် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးလုပ်ကိုင်လို့ရသည့် မြေများလည်း ပေါကြွယ်ဝကြောင်း ပါဝင်သည်။

“မြန်မာနိုင်ငံမှာ အလုပ်အကိုင် များများရဖို့ အိန္ဒိယနိုင်ငံက အသေးစားနဲ့ အလတ်စား လုပ်ငန်းများ (SMEs) လာရောက် လုပ်ကိုင်ကြရန် သမ္မတက ဖိတ်ခေါ်ခဲ့ကြောင်း “အိန္ဒိယက ဒီ SMEs မှာ တော်တော်လေး အတွေ့အကြုံများ ပြီးတော့ လုပ်ကိုင်နေတဲ့ စီးပွားရေး အဖွဲ့အစည်းတွေကလည်း အများကြီးပဲ။ အဲတော့ အဲဒီ အတွေ့အကြုံတွေနဲ့ မြန်မာပြည်ကို လာပါ၊ အဲလို SMEs တွေ တည်ထောင်ပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်” ဟု သံမှူးကြီးက ပြောသည်။

ထို့ပြင် “အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး စီမံကိန်းဟာဖြင့် ဒေသတွင်း ချိတ်ဆက်မှုနဲ့ ကုန်သွယ်ရေးကို မြှင့်တင်ပေးမှာ အသေအချာပါပဲ” ဟု မြန်မာ သမ္မတ က ပြောဆိုခဲ့ကြောင်းလည်း The New India Express သတင်းစာတွင် ဖော်ပြပါရှိသည်။

အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁,၃၄၇.၄၀ သန်း ရှိပြီး မြန်မာနိုင်ငံတွင် စတုတ္ထ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်ဟု CII က ဆိုသည်။

ထိုဘဏ္ဍာနှစ်အတွင်း မြန်မာက အိန္ဒိယသို့ စိုက်ပျိုးရေးနှင့် သစ်တောထွက်ပစ္စည်းများ ဒေါ်လာ ၁,၀၄၆ သန်းဖိုး တက်ပို့ခဲ့၍ ယခင်ဘဏ္ဍာနှစ်ထက် ၂၀ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့သည်။

အိန္ဒိယဘက်မှလည်း မြန်မာနိုင်ငံသို့ ဒေါ်လာ ၃၂၄.၅ သန်းဖိုး သံနှင့် သံထွက်ပစ္စည်းများ၊ ဆေးဝါးများ၊ ပို့ဆောင်ရေး ကိရိယာများ၊ စက်နှင့် စက်ပစ္စည်းများ တင်ပို့ခဲ့၍ ယမန်နှစ်ထက် ၆၆.၅ ရာခိုင်နှုန်း တိုးတက်လခြဲ့သည်ဟု CII မှတ်တမ်းက ဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက် သီးသန့်ညစာစားပွဲတွင် မြန်မာသမ္မတနှင့် တွေ့ဆုံခဲ့သည့် အိန္ဒိယ လုပ်ငန်းရှင်ကြီးများ ထဲတွင် CII ဥက္ကဋ္ဌ Adi Godrej အပြင် Tata Consultancy Services မှ ဒု-ဥက္ကဋ္ဌ S. Ramadorai ၊ Tata Steel မှ ဒု-ဥက္ကဋ္ဌ B. Muthuraman ၊ Tata Motors မှ ဒု-ဥက္ကဋ္ဌ Ravi Kant ၊ Mahindra & Mahindra မှ ညွှန်ကြားရေးမှူး Arun Nanda နှင့် Zensar Technologies မှ အမှုဆောင် အရာရှိချုပ် Ganesh Natarajan တို့ ပါဝင်သည်။

“သမ္မတ ခရီးစဉ်ဟာ နိုင်ငံရေးအကျိုးအမြတ်လည်း ရှိသလို မနေ့ညက အိန္ဒိယ ထိပ်တန်း စီးပွားရေး သမားတွေနဲ့ တွေ့ဆုံပြောဆိုရတဲ့အခါ နိုင်ငံ့အကြီးအကဲ ကိုယ်တိုင်က ပြောပေးခဲ့တဲ့အတွက် အိန္ဒိယ စီးပွားရေးသမားတွေဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ပိုပြီးတော့ ယုံကြည်မှု ရရှိသွားကြတာပေါ့ ခင်ဗျာ” ဟု မြန်မာ သံမှူးကြီး ဦးဘလှအေး က သုံးသပ်ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာလ ၂၀-၂၁ ရက်နေ့များတွင် နယူးဒေလီမြို့၌ ကျင်းပခဲ့သည့် အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ စနေနေ့ နံနက်တွင် ရတနာဂီရိရှိ သီပေါမင်း နန်းတော်နှင့် ဂူဗိမာန်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး မွန်းလွဲ ၀၁း၀၅ နာရီတွင် မုံဘိုင်းမြို့မှ အထူးလေယာဉ်ဖြင့်
မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွါ သွားခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates