Thursday, December 20, 2012

တရုတ်အခေါက်ရွှေ အဝင်ရှိ၊ ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းဈေး အပြိုင်ကျ

ခင်မျိုးသွယ် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၄ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ဒီဇင်ဘာလ တတိယပတ်အတွင်း တရုတ် အခေါက်ရွှေများ မြန်မာ ပြည်တွင်းသို့ အဝင်ရှိလာပြီး ပြည်တွင်း အခေါက်ရွှေ ဈေးမှာလည်း ကမ္ဘာ့ရွှေဈေးနှင့်အပြိုင် ကျဆင်းလာကြောင်း ရန်ကုန် ရွှေကုန်သည်များက ဆိုသည်။

“ရန်ကုန် ရွှေဈေးကွက်မှာ ဈေးကွက် ငြိမ်နေပြီး ဈေးကွက်လိုအပ်ချက်အရ ဈေးနှုန်း အပြောင်းအလဲ ရှိနေပြီး ကျပ် ၄ဝဝ-၅ဝဝ ခန့် ချက်ချင်း ဈေးတက်ကာ ချက်ချင်း ဈေးကျမှုမျိုးလည်း ရှိနေပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များ အသင်းမှ တာဝန်ရှိသူ တဦးက သုံးသပ်သည်။

“ဒီတပတ်ထဲမှာ တရုတ်ဘက်က အခေါက်ရွှေ ဈေးနိမ့်ပြီး မြန်မာဘက်က ရွှေဈေးနိမ့်နေတဲ့အတွက် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ တရုတ်ရွှေအချို့ မြန်မာဘက်ကို အဝင် ရှိလာတယ်။ ဒီနေ့ ၂ဝ ရက်နေ့မှာလည်း တရုတ်ဘက်က ရွှေ အဝင်ရှိပါတယ်” ဟု လမ်းမတော်မြို့နယ် အခြေစိုက် ရွှေကုန်သည် တဦးက ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၆၇၂ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ညနေပိုင်းတွင် ၁,၆၆၆ ဒေါ်လာဈေးတွင် ရှိနေသည်။ ရန်ကုန် အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၆၃,ဝဝဝ ကျပ်နှုန်းဖြင့် ဈေးဖွင့်ခဲ့ ပြီး ညနေပိုင်းတွင် ၇၆၃,၈ဝဝ ကျပ်နှုန်းဖြင့် ဈေးပိတ်ခဲ့သည်။ (၁ အောင်စလျှင် ၁ ကျပ် ၁၄ ပဲ စီးကာ ၁ ဒေါ်လာလျှင် ကျပ် ၈၅ဝ ပျမ်းမျှ ပေါက်သည်။)

“ဒီတပတ်ထဲမှာတော့ နယ်စပ်နဲ့ပတ်သတ်တဲ့ လက်ကြီးသမားတွေဟာ သူတို့လက်ထဲ ရှိတဲ့ ငွေအင်အားနဲ့ အဝယ် ရှိနေသလို ပြန်ထုတ်ရောင်းတာမျိုးတွေလည်း ရှိနေပါတယ်” ဟု အလုံမြို့နယ် အခြေစိုက် ရွှေကုန်သည် ဦးသိန်းအောင် က ပြောသည်။

ယခုအပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းများမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘာ့ ရွှေဈေးမှာ ၁ အောင်စ လျှင် ၁,၆၉၁ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၆၉၇ ဒေါ်လာ ဈေးတွင် ရှိနေသည်။ ရန်ကုန် အခေါက်ရွှေ ဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၇၆၆,၃ဝဝ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၇၆၆,၇ဝဝ ဖြင့် ဈေးပိတ်ခဲ့သည်။

ဒီဇင်ဘာလ ၁၈ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၇ဝ၁ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၆၉၆ ဒေါ်လာ ဈေးနှုန်းတွင် ရှိနေသည်။ ရန်ကုန်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၆၈,ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၇၆၇,၄ဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

လက်တလော အခြေအနေတွင် အရပ်ဝယ်လက်များ အဝယ်ရှိနေသော်လည်း အလုံးအရင်းဖြင့် ဝယ်ယူမှုမျိုး မဟုတ် ဘဲ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဝယ်ယူသည့် အနေအထားမျိုးသာ ရှိနေသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates