Friday, December 14, 2012

မြန်မာ့အရေးမှာ နောက်ကျမနေနိုင်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဆို

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဒီဇင်ဘာလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ ရခိုင်ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပြီး နှစ်နိုင်ငံအကြား အရေးပါသော စာချုပ်များ ချုပ်ဆိုလိုက်ခြင်းမှာ မြန်မာ့အရေးတွင် အိန္ဒိယ အနေနှင့် နောက်ကျမခံနိုင်ကြောင်း
ပြသလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်သို့ ရောက်ရှိနေသာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက
သောကြာနေ့တွင် ပြောဆိုလိုက်သည်။

“အိမ်နီးချင်းနိုင်ငံ တခုအနေနဲ့ ကျနော်တို့ရဲ့ ဘုံအလေးထားစရာတွေမှာ ထူးခြားစွာ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံကို ကမ္ဘာကြီးက ဆက်ဆံဆောင်ရွက်မှုတွေ ပြုနေစဉ်မှာ ကျနော်တို့အနေနဲ့ နောက်တန်းက မနေနိုင်ပါဘူး” ဟု ဆာလ်မန်း ခူရှီးဒ် Salman Khurshid က ပြောဆိုလိုက်ကြောင်း Radiff သတင်းတရပ်တွင် ရေးသားထားသည်။

လုံခြုံရေးနှင့် စီးပွားရေး ပူးတွဲဆောင်ရွက်မှုများနှင့် အခြေခံအဆောက်အအုံများ မြှင့်တင်ရေး အပါအဝင် အကြောင်းအရာ အများအပြားပါဝင်သည့် မြန်မာ သမ္မတနှင့် ဆွေးနွေးပွဲမှာ “လှိုက်လှဲမှုနှင့် နားလည်မှု အပြည့်” ရှိသည်ဟုလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုထားသည်။

သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် ဆွေးနွေးရာတွင် အိန္ဒိယဘက်မှ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ပြောဆိုခဲ့ပြီး မြန်မာဘက်မှ အပြည့်အဝ ပွင့်လင်းမှုနှင့် ကူညီသွားရန် ဆန္ဒပြင်းစွာရှိကြောင်း တုန့်ပြန်ခဲ့ကြသည်ဟု ဆွေးနွေးပွဲအပြီးတွင် မစ္စတာ ဆာလ်မန်း ခူရှီးဒ် က ထုတ်ဖော်ပြောဆိုသည်။

ဆာလ်မန်း ခူရှီးဒ်၏ သုံးရက်ကြာ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အတွင်း စနေနေ့တွင်
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမည်ဖြစ်သည်။

မြန်မာအစိုးရနှင့် ဆက်ဆံရေးများကို ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသော ကတိကဝတ်များအား မလျော့လျဲစေဘဲ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဝန်ကြီးက အခိုင်အမာ ပြောဆိုလိုက်သည်။

“ဟုတ်ပါတယ်။ ယုံကြည်မှု အကျဉ်းသား တယောက်အဖြစ် သူ မျှော်လင့်ခဲ့ကောင်း မျှော်လင့်မိမှာနဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေအဖြစ် ကျနော်တို့ လုပ်ပေးနိုင်ခဲ့တာ ကြားမှာ အတိုင်းအတာ တခုအထိ ကွဲပြားခဲ့တာတွေ ရှိခဲ့နိုင်တယ်ဆိုတာ မှန်ပါတယ်” ဟု မစ္စတာ ခူရှီးဒ် က ဆိုသည်။

မြန်မာ့ဒီမိုကရေစီအရေးတွင် အစပိုင်း ကူညီခဲ့ပြီးနောက် စစ်အစိုးရနှင့် နီးစပ်သွားသည့် အိန္ဒိယအစိုးရ၏ မူဝါဒအပေါ် “စိတ်ပျက်မိ”ကြောင်း နိုဝင်ဘာလအတွင်းက နယူးဒေလီသို့ ရောက်ရှိစဉ်
ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောဆိုခဲ့သည်ကို ပြန်လည် တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့အနေနဲ့ အဲဒီ့အချိန်က အာဏာရနေတဲ့ တည်ရှိနေတဲ့ အစိုးရတွေနဲ့ ဆက်ဆံရတာပါ။ ခင်ဗျား အနေနဲ့ အာဏာရ အစိုးရတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ခင်ဗျားပိုနှစ်သက်တဲ့ အုပ်ချုပ်မှုစနစ်တွေအတိုင်း (သူတို့က) အမြဲတမ်း မဖြစ်နိုင်တာမို့ သူတို့တည်ရှိနေတဲ့အတိုင်းပဲ လက်ခံရမှာပါ”

“ကျနော်တို့ အနေနဲ့ သူတို့ရဲ့ ဆန္ဒတွေ၊ စိုးရိမ်သောကတွေကို လေးစားရပါတယ်။ ဒါပေမယ့် အဲဒါတွေကို လုပ်တဲ့နေရာမှာ သူ့အတွက် ကျနော်တို့ရဲ့ ကြိုးပမ်းအားထုတ်ပေးမှုတွေကို လျော့နည်းသွားစေခြင်း မရှိဘဲ ကျနော်တို့ လုပ်ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက
ဖြေရှင်းသွားသည်။ 

အိန္ဒိယ၏ အာသံ သူပုန်ခေါင်းဆောင် ဘရူးဝါး မြန်မာ့မြေတွင် ခိုလှုံနေထိုင်နေသည် ဟူသောကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက်ကို မြန်မာဘက်မှ “ကျွန်ုပ်တို့မှာ သတင်း သိုးသိုးသန့်သန့် ရှိရင် မျှဝေမှာပါ” ဟု ပြန်ကြားခဲ့ကြောင်း မစ္စတာ ခူရှီးဒ် က ပြောဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates