Saturday, December 1, 2012

လက်ပံတောင်း အကြမ်းဖက်မှုကိစ္စ ဒေလီမြန်မာများ ဆန္ဒပြ

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဒီဇင်ဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။     ။ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက် သပိတ်မှောက်သူများအား အကြမ်းဖက်ဖြိုခွင်းမှုအား ဆန့်ကျင် ရှုတ်ချသောအားဖြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက စနေနေ့တွင် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

နယူးဒေလီ မြို့လယ်ရှိ လူစည်ကားရာ ဂျန်တားမန်တားအရပ်၌ သံဃာများနှင့် တိုင်းရင်းသားပေါင်းစုံ ၁၀၀ ခန့်က နိုဝင်ဘာ ၂၉ အကြမ်းဖက်ဖြိုခွင်းမှုအား နိုင်ငံတကာ ကျွမ်းကျင်သူများဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် မြန်မာနှင့် တရုတ်အစိုးရတို့အား တောင်းဆိုကြသည်။

ထို့ပြင် ကြေးနီစီမံကိန်းကို ချက်ချင်းရပ်တန့်ရန်လည်း တောင်းဆိုထားသည်။

တရုတ်အစိုးရအနေဖြင့် လက်ရှိပြဿနာများ ပြေလည်သွားပြီး ဒေသခံပြည်သူများအနေဖြင့် စီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဆုံးဖြတ်ချက် ချရာတွင် ပါဝင်နိုင်သည်အထိ ဝမ်ပေါင်ကုမ္ပဏီအား ပြန်လည် ဆုတ်ဆိုင်းထားရန် တောင်းဆိုလိုက်ကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates