Wednesday, December 26, 2012

အစိုးရဘက်မှ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေဟု ABSDF ပြော

နေမျိုး | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၄၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး၏ သတိပေးစာ ပေးပို့ခဲ့ပြီး
နောက်ပိုင်း အစိုးရဘက်မှ ကချင် လွတ်လပ်ရေးအဖွဲ့ KIO တပ်စခန်းများအား လက်နက်ကြီး ပစ်ကူအပြင် စစ်ရဟတ်ယာဉ်များ သုံးစွဲ တိုက်ခိုက်လာသည်ဟု ထိုဒေသရှိ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ABSDF (NB) က ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာ ၂၅ ရက် ညနေက မြစ်ကြီးနားမြို့ အမှတ် ၅ဝ၃ လေတပ်စခန်း အနီးဝန်းကျင်တွင် စစ်ရဟတ်ယာဉ် တစီး ပေါက်ကွဲသံနှင့်အတူ မီးလောင်ပျက်စီးခဲ့ကြောင်း လဂျားယန်ဒေသ အခြေစိုက် ABSDF (NB) အလုပ်အဖွဲ့ခေါင်းဆောင် ဦးလဆိုင်း က ပြောသည်။

“အခုနက မြစ်ကြီးနားက အသိတွေ ဖုန်းဆက်ခဲ့တာ မနေ့ ညနေ ၄ နာရီခွဲ ၅ နာရီ ပါတ်ဝန်းကျင်မှာ စစ်ရဟတ်ယာဉ် တစီး နိမ့်နိမ့်လေးပျံပြီးတော့ မော်ဖောင်းရွာနားက ၅ဝ၃ လေတပ်စခန်း အဆင်းမှာ ပေါက်ကွဲသံကြားတယ်။ ဟတ်စကီးက မီးလောင်နေတယ်လို့ သွားမြင်တဲ့ လူထုတွေက ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

ခရစ္စမတ် အကြိုနေ့မှ စတင်ကာ ယခုအချိန်အထိ အစိုးရဘက်မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လျှက်ရှိပြီး KIA ဘက်မှလည်း ခုခံတိုက်ခိုက် လျက်ရှိကြောင်း ၎င်း က ဆက်ပြောသည်။

“ခရစ္စမတ်နေ့ တနေကုန် ဂမ်ဒေါင်ယန် ဟိုဘက်မှာ ရှိတဲ့ ဂွမ်ရှောင် တပ်ကုန်း၊ မဟာမိတ် KIA ၂၅၅ တပ်ရင်း တပ်စခန်းထိုင်ထားတဲ့ (လိုင်ဇာမြို့နှင့် ၁၂ မိုင်အကွာ) လက်နက်ကြီးနဲ့ ၈၄ မမ၊ ၈၁ မမ၊ ၁ဝ၅ မမ လက်နက်ကြီးတွေနဲ့ ပစ်၊ လေယာဉ် စစ်ကူနဲ့ ပစ်၊ တပ်ရင်း ၃ ရင်းနဲ့ ခြေလျှင်နဲ့ တက်ထိုး၊ မဟာမိတ် KIA ကလည်း အစွမ်းကုန်ခုခံတဲ့ အခါကျတော့ လေယာဉ်ကိုလည်း ပစ်မှာပဲ။ ကျနော်တို့တောင် ဒီကိုလာရင် လေယာဉ်ကိုလည်း ပစ်တာပဲ။ လေယာဉ်လည်း ထိသွားနိုင်တယ်လို့ ခန့်မှန်းတာပဲ” ဟု ဆိုသည်။

ဒေသခံကျေးရွာသားများမှာ ထွက်ပြေးတိမ်ရှောင်နေကြပြီး အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆံများ သည် လူမရှိတော့သည့် အဆိုပါကျေးရွာများသို့ ကျရောက်ပေါက်ကွဲနေကြောင်း ၎င်း က ရှင်းပြသည်။

“လက်နက်ကြီးတွေနဲ့ အသားကုန် ပစ်နေတာ။ ၂၄၊ ၂၅၊ ၂၆ သုံးရက်ရှိပြီ။ အခုနတုန်းကထိ ပစ်နေတုန်းပဲ။ သူတို့ ပစ်တဲ့ လက်နက်ကြီးက ရွာတွေမှာသွားကျ၊ ရွာမှာက လူမရှိတော့ဘူး။ ရွာမှာက အိမ်တွေပဲရှိတယ်။ လဂျားယန်ရွာ၊ နားလုံရွာ၊ လဝါယန်ရွာ၊ ခယရွာ၊ လေးရွာလောက်ရှိတယ်” ဟု မဇ္စျိမ သို့ပြောသည်။

အစိုးရဘက်မှ ဗျူဟာ ၃ ခု လက်အောက်ခံ တပ်ရင်းများမှ အင်အား ၅ဝဝ ခန့်ဖြင့် လဂျားယန်ဒေသသို့ တိုက်ခိုက် လျက်ရှိသည်ဟု သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates