Tuesday, November 13, 2012

ဆူးလေဆိပ်ကမ်း အဆင့်မြှင့်ရန် ပထမအဆင့်တွင် ကုမ္ပဏီသုံးခုကိုရွေး

ရတနာဦး | အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဆူးလေဆိပ်ကမ်းကို အဆင့်မြှင့်တင်နိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူ လျှောက်ထားစေခဲ့ရာ လျှောက်ထားသည့် ကုမ္ပဏီ ခုနှစ်ခုအနက်မှ သုံးခုကို ပထမအဆင့်အနေဖြင့် စိစစ်ရွေးချယ် ထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိသူများက ပြောသည်။

အဆိုပါ စိစစ်ရွေးချယ်မှုကို တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီ ခုနှစ်ခု၏ ရှေ့မှောက်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ရက်နေ့က တင်ဒါဖွင့်ဖောက်၍ ရာခိုင်နှုန်းအနည်းအများ အလိုက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီများက ပေးသွင်း သည့် မြေငှားရမ်းခ၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အများဆုံးရှိသည့် ကုမ္ပဏီများကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိသူက ပြောသည်။

“တစ်ခုချင်းအလိုက် အများဆုံးပေးသွင်းတဲ့ ကုမ္ပဏီကို ရာခိုင်နှုန်းအပြည့်ထားပြီး အဲဒီနှုန်းထားနဲ့ပဲ ကျန်တဲ့ကုမ္ပဏီတွေကို ရာခိုင်နှုန်း တွက်ချက်မယ်ဆိုတာကို ကုမ္ပဏီတွေကို ကြိုတင်အသိပေးပြီးမှ
ရွေးချယ်ခြင်းဖြစ်ပါတယ်”ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်ကဆိုသည်။

ထို့ကြောင့် တင်ဒါတင်သွင်းသည့် ကုမ္ပဏီ ခုနှစ်ခုအနက် သုံးခုအား ရာခိုင်နှုန်းအလိုက် ရွေးချယ်ခဲ့ရာတွင် Myanmar Harmony Management ကုမ္ပဏီမှ ၈၄.၇၆၂ ဖြင့်ပထမ၊ Sein Kaung Yadanar Trading Co;Ltd မှ ၇၃.၉၁ ဖြင့် ဒုတိယ၊ E.F.R Forwarding and General Service Co;Ltd မှ ၆၇.၈၄၂ဖြင့် တတိယ ရရှိခဲ့ကြပြီး ယင်းတို့အနက် တစ်ခုကို ထပ်မံရွေးချယ်၍ ဆောင်ရွက်ခွင့်ပြုမည် ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုပမာဏ ၃၅ ရာခိုင်နှုန်း၊ ဆိပ်ကမ်းသို့ပေးသွင်းမည့် ရှယ်ယာအချိုး ၆ဝ ရာခိုင်နှုန်းနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ပေးဆောင်မည့် လစဉ်မြေငှားရမ်းခ ငါးရာခိုင်နှုန်းဖြင့်
ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဆူးလေဆိပ်ကမ်းအား ယခုကဲ့သို့ပုဂ္ဂလိကနှင့် ပူးပေါင်းရန်ဆောင်ရွက်ခြင်းမှာ ဆူးလေဆိပ်ကမ်းသည် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင်ပါဝင်ကာ ဆူးလေ ဆိပ်ကမ်းတံတား ၁၊ ၂၊ ၃၊ ၄ တို့ကို ကုန်သေတ္တာနှင့် အထွေထွေ ကုန်စည်တင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းအဖြစ်အဆင့်မြှင့်ပြုပြင် တည်ဆောက်ခြင်း၊ ကုန်ကိုင်တွယ်ကိရိယာများ တပ်ဆင်ခြင်းနှင့်
နောက်ခံမြေပေါ်တွင် ဆိပ်ကမ်း ကုန်သွယ်မှု အဆောက်အအုံများ ဆောက်လုပ်ရန် ပြုလုပ်ခြင်းဖြစ်သည်။

အလားတူ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကိုလည်း ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားကြသည့် ကုမ္ပဏီ ခုနှစ်ခုအနက် သုံးခုကို ပထမအဆင့်အနေဖြင့် စက်တင်ဘာလ ၁၆ ရက်နေ့က တင်ဒါရွေးချယ်မှုပြုခဲ့ရာ Parl Land Co.,ltd မှ တစ်လ လျှင် မြေငှားရမ်းခ ကျပ်သိန်း ၁,ဝဝဝ၊ Lion Myanmar International Co.,Ltd မှ တစ်လမြေငှားရမ်းခ ကျပ်သိန်း ၃၆ဝ နှင့် Taung Pyar Dan Co.,Ltd မှ တစ်လမြေငှားရမ်းခ ကျပ်သိန်း ၃ဝဝ ဖြင့် တင်ဒါရွေးချယ်ခံခဲ့ရပြီး ယင်းအနက် လုပ်ကိုင်ခွင့်ပြုရန် Parl Land Co.,ltd မှ တစ်လလျှင်
မြေငှားရမ်းခ ကျပ် သိန်း ၁,ဝဝဝ ဖြင့် အောက်တိုဘာလနှောင်းပိုင်း က ထပ်မံရွေးချယ်လုပ်ကိုင်ခွင့်
ပြုခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates