Tuesday, November 13, 2012

ကချင် နှစ်ခြင်းအဖွဲ့ချုပ်က မူးယစ် တိုက်ဖျက်ရေး တနိုင်ငံလုံး ဟောပြောမည်

ဖနိဒါ | အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၅ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က တနိုင်ငံလုံး အတိုင်းအတာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲ ကျင်းပသွားရန် စီစဉ်နေကြောင်း KBC ၏ မူးယစ်ဆေးဝါးနှင့် HIV/AIDS ရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများတွင် ဦးဆောင်လုပ်ရှားမှုတွင် တာဝန်ယူနေသူ ဆရာအင်ခွမ်တန်ဂွန်း က ပြောသည်။

အစိုးရတပ်နှင့် ကချင်လွပ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ရောင်းဝယ်သူများလည်း ပိုမိုများပြားလာသည်ကို တွေ့ရှိရသဖြင့် လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် KBC အသင်းတော်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များ ပြုလုပ်မည် ဖြစ်သည်။

“တိုက်ပွဲမဖြစ်ခင် ဘယ်လို သုံးစွဲနေတယ်ဆိုတာ မသိဘူး။ ခုတော့ တိုက်ပွဲဖြစ်လာတော့ ဒီ မူးဆေးဝါး သုံးစွဲတာ၊ ရောင်းဝယ်တာတွေက မြို့ပေါ်ထိ ပိုများလာတာ လက်တွေ့ မြင်နေရလို့။ တိုက်ပွဲကြောင့်
သေဆုံးသူတွေ ရှိနေချိန်နောက်ထပ် ဒီမူးယစ်ဆေးဝါးကြောင့် ပြန်ပြီး အဆက်ဆုံးရှုံးတာတွေ မဖြစ်စေဖို့ ကျနော်တို့ ဘာသာရေးကနေ တာဝန်ယူပြီးတော့ တိုက်ဖျက်ရမယ် ဆိုပြီး KBC ကနေ တာဝန်ယူလုပ်တာပါ” ဟု ဆရာ အင်ခွမ်တန်ဂွန်း က မဇ္ဈိမကို ပြောသည်။

ကျမ်းစာဖတ်ခြင်းဖြင့် ဓမ္မဒေသနာ ဟောပြောခြင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် လူမျိုးရေး ပြုံးတီးမှုများ ရှိလာခြင်းများကို ဟောပြောခြင်း၊ သီချင်းများ သီဆိုခြင်းဖြင့် သက်သေခံခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခဲ့သူ လူငယ်များ ကိုယ်တိုင် သက်သေခံခြင်း စသည့် အစီအစဉ်များဖြင့် တနိုင်လုံးလုံး တရက်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

မူးယစ်ဆေးဝါး ကာကွယ်တိုက်ဖျက်နိုင်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ခရစ်ယာန် ဘာသာဝင်များ ကိုယ်တိုင် ပါဝင်ဆောင်ရွက်သွားနိုင်ရန်၊ ဘာသာဝင်တိုင်း ကျန်းမာသော သန်စွမ်းသူများ
ဖြစ်လာရေးတို့အတွက် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“အရင်က KBC လူငယ်တွေက တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်နေတယ်။ ဒါပေမယ့် ငွေရေးကြေးရေး လိုအပ်ချက်တွေ၊ မိဘပြည်သူတွေလည်း စိတ်ဝင်စားမှု သိပ်မရှိကြဘူး။ ခုတော့ အားလုံးက တိုက်ဖျက်ဖို့ စိတ်ဝင်စား လာကြတယ်ဆိုတော့ KBC ကနေ ဦးဆောင်လိုက်တာပဲ” ဟု ဆက်ပြောသည်။

ဒေသပေါ် မူတည်ပြီး မူးယစ်ဆေးဝါးစိုက်ပျိုးမှု၊ သုံးစွဲသူနှင့် ရောင်းဝယ်သူများ ပိုမိုများပြားလာသည်ဟု ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates