Friday, November 2, 2012

၈၈ ကျောင်းသားများ ထိုင်းနိုင်ငံရောက် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမည်

ဖနိဒါ | သောကြာနေ့၊ နိုဝင်ဘာလ ၀၂ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၈ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး အပါအဝင် ခုနှစ် ဦးတို့သည် တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သောကြာနေ့တွင် ရောက်ရှိနေပြီ ဖြစ်သည်။

ကိုမြအေး၊ ကိုပြုံချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်နှင့် မစမ်းစမ်းမော် တို့သည်
နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တွင် Holiday Inn Regent Resort Beach , Cha Am တွင် ကျင်းပမည့် 2012 Myanmar Student Meeting အား တက်ရောက်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့(ဇင်းမယ်) ၊ မဲဆောက်၊ မဲဟောင်ဆောင် စသည့် နယ်စပ်မြို့များရှိ တိုင်းရင်းသား အဖွဲ့အစည်း များနှင့် ပြည်ပရောက် မြန်မာအဖွဲ့အစည်းများနှင့်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။

 “ကျွန်တော်က ငြိမ်းချမ်းရေး အတွက်လာတာ။ ဒီခရီးစဉ်မှာ ကျွန်တော် ဦးဆောင်တဲ့ တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေး ကဏ္ဍ၊ ကိုစိုးထွန်းဦးဆောင်တဲ့ ပညာရေးကဏ္ဍ၊ ကိုအံဘွယ်ကျော် ဦးဆောင်တဲ့
ပြန်ကြားရေးကဏ္ဍတွေက အလုပ်သမားတွေနဲ့လည်း အချိန်ရရင် တွေ့ဆုံသွားမှာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ကိုမြအေး ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ ရောက်နေသဖြင့်
မြန်မာ့ဒီမိုကရေစီနိုင်ငံ ထွန်းကားရန်အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အမြင်၊ သဘောထားများကို ဆွေးနွေးဖလှယ်မည်ဖြစ်ကြောင်း ဦးမြအေးက ပြောသည်။

“အပြင်ရောက်နေတဲ့ ကျွန်တော်တို့ မြန်မာတွေရဲ့ သဘောထားကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါတယ်လို့ ကျွန်တော်က ထင်မြင်ယူဆတယ်။ အဲဒီအခါကြတော့ အကြောင်းကြောင်းကြောင့် တိုင်းပြည်ကနေ အပြင်ကို ထွက် သွားရတာကိုး။ ဒီမိုကရေစီလိုလာတဲ့သူတွေပဲလေ။ သူတို့ရဲ့ သဘောထားတွေ၊ သူတို့ ဖြစ်ချင်တဲ့သဘောထားတွေကို အပြန်အလှန်
ဆွေးနွေးညှိနှိုင်းသွားမှာပေါ့ ယေဘုယျအားဖြင့် စီစဉ်ထားပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တွေ့ဆုံရန် ရှိသော်လည်း တွေ့ဆုံမည့် ရက် သတ်မှတ်ခြင်း မရှိသေးသလို၊ ဆွေးနွေးမည့် အကြောင်းအရာများကို ဆွေးနွေးနေဆဲ ဖြစ်သည်ဟု ABSDF ဥက္ကဋ္ဌ ကိုသံခဲက ပြောသည်။

ထို ၈၈ ကျောင်းသားများသည် နှစ်ရှည်အကျဉ်းကျခံရမှ  ပြန်လည် လွတ်မြောက်ခဲ့ပြီးနောက် ယခုခရီးစဉ်သည် ပထမဆုံးအကြိမ်  ပြည်ပခရီးစဉ်လည်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates