Friday, November 30, 2012

သံဃာရဲ့ ဒဏ်ရာ ဘာကြောင့်လောင်လဲ မသိဟု ဆေးရုံအုပ်ကြီးပြော

မင်းမင်း | သောကြာနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၂ မိနစ်

မုံရွာ (မဇ္ဈိမ) ။       ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်မှောက်သံဃာများ ကြာသပတေးနေ့ နံနက်က ရရှိခဲ့သော ထိခိုက်ဒဏ်ရာများမှာ မီးလောင် ဒဏ်ရာများသာ ဖြစ်ပြီး ဆီနှင့် အက်ဆစ်များ မပါဝင်ကြောင်း မုံရွာဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ် က ပြောသည်။

“ဒဏ်ရာတွေ ဆေးတဲ့အခါ အနံ့အသက်ထွက်တာတို့၊ အက်ဆစ်လောင်တာမျိုးတော့ မတွေ့ပါဘူး။ မီးလောင်ဒဏ်ရာတော့ မီးလောင်ဒဏ်ရာပဲ။ ဘာကြောင့် လောင်လဲ ဆိုတာတော့ ဆရာတို့ မပြောနိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

လုံခြုံရေးရဲများ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာများမှာ မီးလောင် ဒဏ်ရာများသာ ဖြစ်ပြီး ဆီနှင့် အက်ဆစ်များ မပါဝင်ကြောင်း မုံရွာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ် က ပြော (ဓါတ်ပုံ ဟိန်းထက်/ မဇ္ဈိမ)

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် သပိတ်စခန်းများအား လုံခြုံရေးရဲများက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူများမှာ သံဃာအပါး ၇၀ နှင့် ဒေသခံ ၅ ဦးတို့ဖြစ်ပြီး လက်ရှိ မုံရွာဆေးရုံတွင် သံဃာတော် ၂၆ ပါးကုသမှုခံယူနေပြီး နှစ်ပါးမှာ ခွဲစိတ်ကုသမှု ခံယူထားရသည်။

သပိတ်စခန်းများအား ဖြိုခွင်းရာတွင် မျက်ရည်ယိုဗုံးနှင့် မီးခိုးဗုံးများသာ သုံးစွဲခဲ့ကြောင်း အာဏာပိုင်များက ကနဦး သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် မျက်ရည်ယိုဗုံးကြောင့်မူ မီးလောင်ကျွမ်းမှု မဖြစ်စေနိုင်ကြောင်း အတွေ့အကြုံရှိသူများနှင့် ဓာတုပညာရှင်များ က ဆိုကြသည်။

ဒဏ်ရာရ သံဃာများအား သီတဂူဆရာတော် အရှင်ဉာဏိဿရ က လာရောက် ကြည့်ရှုသွားပြီး ဆရာတော်များ၏ ဝေယျာဝစ္စအတွက် ဝတ္ထူငွေ ၂၅ သိန်း လှူဒါန်းသွားခဲ့သည်။

ဆရာတော်က ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံပြီး ဆေးဝါးများနှင့် ပတ်သက်၍ မေးရာတွင် ဆေးရုံအုပ်ကြီးက
ပြည့်စုံမှု ရှိကြောင်း ပြန်လည်လျှောက်ထားသည်။

မီးလောင်ဒဏ်ရာ ရရှိနေသည့် ပခုက္ကူ အရှေ့တိုက်ကျောင်းမှ ဦးအိန္ဒာစာရက “သူတို့ အကြမ်းဖက်ပေမယ့် ဦးဇင်းတို့ စိတ်ဓာတ်ကတော့ မကြမ်းပါဘူး။ အခုထိ သူတို့ကို မေတ္တာ ကရုဏာ ရှိပါတယ်” ဟု သဘောထားကို မိန့်ကြားသည်။

ကြာသပတေးနေ့ ညက ဒဏ်ရာရ သံဃာတော်များအား လာရောက်ဖူးမြော်သည့် ဒေါ်အောင်ဆန်းစုကြည် ကလည်း မေတ္တာကရုဏာ ရှေ့ထားပြီး အလုပ်ကို ဆက်လုပ်သွားဖို့ လျှောက်ထားသွားကြောင်း ဦးအိန္ဒာစာရ က မိန့်သည်။

လက်ပံတောင်းတောင်ရှိ ပျက်စီးသွားသော သပိတ်စခန်း မြေနေရာများကိုလည်း သဲများခင်းပြီး ဖုံးထားကြောင်း ဒေသရှိ ဝက်မှေးရွာသားတို့က ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates