Monday, November 5, 2012

ကန်ကြီးထောင့် ရေမြုပ်လယ်များအတွက် စိုက်ပျိုးစရိတ် ထုတ်ချေးပေး

မင်းမင်း | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၄ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်း သြဂုတ်လအတွင်းက
ရေကြီးနစ်မြုပ်ပျက်စီး သွားသည့် လယ်ဧက ၁၅,ဝ၂၆ အတွက် စိုက်ပျိုးစရိတ်အဖြစ် တဧကလျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင် ထုတ်ချေးပေးနေကြောင်း သိရသည်။

ကျပ် ၁၀၀ လျှင် အတိုးနှုန်း ၇၁ ပြားဖြင့် စိုက်ပျိုးစရိတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ချေးပေးနေခြင်း ဖြစ်သည်။

“စာချုပ်စည်းကမ်းထဲမှာ (၂၀၁၃)မတ်လ ၃၁ ရက်နေ့ကို နောက်ဆုံး ဆပ်ရမယ်။ ကျော်လွန်သွားရင်တော့ ဥပဒေအရ အရေးယူမယ်လို့ပါတယ်” ဟု မြို့နယ်မှူးရုံးမှ ဒုဦးစီးမှူး ဦးမျိုးဆောင် က မဇ္ဈိမကို ပြောသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၈၀ ရှိရာတွင် ၃၇ အုပ်စုရှိ ရေကြီးမှုကြောင့် ပျက်စီးလယ်ဧက ၁၅,၀၂၆ အတွက် ထုတ်ချေးပေးခြင်း ဖြစ်သည်။ စက်တင်ဘာလအတွင်းကလည်း လယ်တဧကလျှင် မျိုးစပါး တတင်းစီ ထုတ်ပေးခဲ့သေးသည်။

ဧရာဝတီတိုင်းအတွင်းရှိ ကျောင်းကုန်း၊ ပန်းတနော်၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ပုသိမ်နှင့် မြောင်းမြမြို့နယ် တို့တွင် ဩဂုတ်လအတွင်း ရေကြီးမှုကြောင့် လယ်ဧက ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates