Monday, November 5, 2012

စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်ချိန် ရွှေ့ဆိုင်း၊ ဟာဂျီနှစ်ဦးအား တာဝန်မှရပ်စဲလိုက်

သိင်္ဂီထွန်း | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းရရှိမှုများကို သမ္မတထံ အစီရင်ခံရန် နိုဝင်ဘာ ၁၆ ရက်နေ့ဟု သတ်မှတ်ထားခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်သို့ တိုးမြှင့်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ဦးသူရ (ခေါ်) ဇာဂနာ က ပြောဆိုလိုက်သည်။

ထို့ပြင် ကော်မတီဝင်နှစ်ဦးဖြစ်သည့် အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဥက္ကဋ္ဌ ဟာဂျီ ဦးညွန့်မောင်သျှိန်နှင့် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း တို့အားလည်း တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်း Peace Center တွင် ပြုလုပ်သော အစည်းဝေးအပြီး မီဒီယာများကို ဦးသူရ က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုက တခါမှ မဖြစ်သေးတဲ့ ကျောက်ဖြူလို နေရာမျိုးမှာလည်း ထပ်ဖြစ်တော့ အစီရင်ခံစာကို အနည်းငယ်
နှောင့်နှေးရတာပါ” ဟု လေးလကျော်ကြာ အစီရင်ခံစာ နှောင်နှေးရမှုကို ဦးသူရ က ရှင်းပြသည်။

သို့သော် ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် သြဂုတ်လမှ နိုဝင်ဘာလ ၁၆ ရက်နေ့အတွင်း စုံစမ်းရရှိသမျှကိုမူ ကြားဖြတ် အစီရင်ခံအဖြစ် သမ္မတထံ တင်သွင်းနိုင်မည်ဟုလည်း သိရှိရသည်။

အဖွဲ့ဝင်နှစ်ဦးဖြစ်သော အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဟာဂျီ နှစ်ဦးတို့အား သမ္မတရုံးအမိန့်ဖြင့် အဖွဲ့ဝင်အဖြစ်မှ နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီအဖွဲ့ကိုယ်တိုင်က သမ္မတကြီးက ဖွဲ့စည်းပေးထားတဲ့အဖွဲ့ ဖြစ်တယ်။ ကျနော်တို့တွေရဲ့
ကော်မရှင် တာဝန်က ရပ်စဲခြင်းက သမ္မတရုံးကနေ ကျနော်တို့ကို အကြောင်းကြားတာ။ ဘာ့ကြောင့်ဆိုတာကို ကျနော်တို့ ကိုယ်တိုင်လည်း မသိရသေးဘူး။ ကျနော်တို့လည်း သိချင်နေတယ်” ဟု ဦးသူရ က ပြောသည်။

သို့သော် စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်ကမူ “အဓိကကတော့ ဘာကြောင့် ဘယ်လိုဆိုတာထက် သူတို့နှစ်ယောက်အနေနဲ့က ဒီကော်မရှင်ထဲမှာပါပေမယ့် သူတို့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းနဲ့ သူတို့ လုပ်နေတာနဲ့က သိပ်ကိုက်ညီမှု မရှိတဲ့အတွက်ကြောင့်လို့ ကျနော်တို့လည်း အဲလောက်ပဲ သိထားတယ်” ဟု မီဒီယာများကို ပြောဆိုသွားသည်။

ထိုသို့ သြဂုတ်လ ၁၇ ရက်နေ့ သမ္မတရုံး ထုတ်ပြန်ကြေညာချက်ဖြင့် ဖွဲ့စည်းပေးလိုက်သော အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် အစ္စလာမ်သာသနာရေးဆိုင်ရာ ကောင်စီဌာနချုပ်မှ ကိုယ်စားလှယ်များ မပါဝင်တော့ဘဲ အခြားမူဆလင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခြားကိုယ်စားလှယ်များ စုစုပေါင်း ၂၅ ဦးသာ ကျန်ရှိတော့သည်။

ထိုသို့ ကော်မရှင်အဖွဲ့ဝင်နှစ်ဦးအား ရပ်စဲလိုက်ခြင်းနှင့်ပတ်သက်၍ သမ္မတရုံး ဝက်ဆိုက်နှင့် နိုင်ငံပိုင် သတင်းစာများ တွင် ယနေ့ချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ မကုန်မီက အကြမ်းဖက်မှုများ ဒုတိယအကြိမ် ဖြစ်ပွားမှုများအား သွားရောက် စုံစမ်းရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းထားသော်လည်း လုံခြုံရေး အခြေအနေအရ သွားရောက်ခွင့် မရသေးကြောင်း သိရှိရသည်။

ထိုကော်မရှင်အနေနှင့် ရခိုင်ပြည်တွင် ရုံးဖွင့်အခြေစိုက် စုံစမ်းရန်လည်း စီစဉ်နေကြောင်း ဦးဇာဂနာ က ပြောဆိုထား သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates