Tuesday, November 13, 2012

ကယား လမ်း/တံတားများပြင်ရန် ဗဟိုအစိုးရ သန်း ငါးထောင်ကျော် ထောက်ပံ့

ဟင်္သာနီ (မွန်မြေ) | အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၈ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။          ။ ပြည်ထောင်စု အစိုးရမှ ကယား ပြည်နယ် လမ်းပန်း ဆက်သွယ်မှု အတွက် ကျပ်သန်းပေါင်း ငါးထောင်ကျော် ထောက်ပံ့ကာ ပြည်နယ်တွင်းရှိ လမ်း-တံတားများ ပြင်ဆင်နိုင်ရန် အသုံးပြုမည်ဟု ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။

“ဘဏ္ဍာငွေကလည်း ကျွန်တော်တို့ပြည်နယ် အစိုးရ လက်ထဲကို ရောက်နေပါပြီ၊ လုပ်လည်း လုပ်နေပါပြီ ပြည်နယ် တွင်းမှာရှိတဲ့ လမ်းတံတားတွေ ပြင်ဆင်ဖို့အတွက်ပေါ့” ဟု ဦးဇော်ဝင်းက ပြောသည်။

အောင်ပန်း-ပင်လောင်း-လွိုင်ကော်လမ်း၊ တောင်ငူ-ပြာသိုး-လိပ်သို-လွိုင်ကော်လမ်း၊ တောင်ငူ-ဖားဆောင်း-မော်ချီး လမ်း စသည့် ပြည်နယ် တွင်းရှိ လမ်းမကြီးများကို ရှိရင်းစွဲမှ ရိုးရိုး ကတ္တရာခင်း ၁၂ ပေ အကျယ် လမ်းမကြီးများ အဖြစ် ပြန်လည် ပြင်ဆင်ရန် ပြည်ထောင်စု အစိုးရမှ ချမှတ်
ပေးခြင်း ဖြစ်သည်ဟုဆိုသည်။

လမ်းအများစုမှာ နဂို ရှိပြီးသား လမ်းများဖြစ်၍ သဘာဝ ဘေးအန္တရာယ် အခြေအနေများကြောင့်
ပေါက်ပြဲခြင်းဖြစ်ပေါ် ခဲ့မှုများကို ပြန်လည် ပြင်ဆင်ခြင်း ဖြစ်သည်။

“မြို့နယ် အားလုံး လိုလိုမှာ လုပ်ငန်းတွေက အကောင် အထည် ဖော်နေပါပြီ၊ လွိုင်ကော်၊ ဒီမောဆိုး၊ ရှားတော၊ ဘော်လခဲ၊ ဖားဆောင်းတွေမှာ လုပ်နေပါပြီ၊ ဟိုးဘက် နည်းနည်း ဝေးတဲ့ ရွာသစ်ကတော့ အခုမှစလုပ်နေတယ်၊ သာမန်အားဖြင့်တော့ သွားလို့ရနေပါပြီ၊ ကောင်းနေပါပြီ၊ အခြား အသေးအဖွဲ ရွာချင်းဆက် လမ်းတွေ အဲလောက်ပဲ ကျန်ပါတော့တယ်၊ မြို့ချင်းဆက် လမ်းတွေကတော့ အားလုံး ကောင်းနေပါပြီ” အတွင်းရေးမှူး အဖွဲ့ ဦးဇော်ဝင်းက ပြောသည်။

တပြည် နယ်လုံး အတိုင်းအတာ လုပ်ငန်း အကောင်အထည်ဖော်မှု ပမာဏ အားဖြင့်လည်း ၅ဝ ရာခိုင်နှုန်းအထက် ပြီးစီးနေပြီ ဖြစ်၍ အချို့လမ်းများ ပြင်ဆင်မှုမှာ ၁ဝဝ ရာခိုင်နှုန်း၊ ၈ဝ ရာခိုင်နှုန်း ထိ ပြီးစီး နေပြီဟုလည်း ဦးဇော်ဝင်းက ပြောသည်။

ယခု လမ်းများကို ၁၂ အကျယ်သာ ပြန်လည် ပြင်ဆင် လျက်ရှိပြီး လာမည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာေ ရး နှစ်၌ ၁၈ ပေ လမ်းများအဖြစ် ပြင်ဆင် နိုင်ရန် တင်ပြသွားမည်ဟုလည်း ၄င်းက ဆိုသည်။

နိုဝင်ဘာလ (၁၂) ရက်နေ့၌လည်း ပြည်သူ့ လွတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် ပြည်ထောင်စု အစိုးရ ဝန်ကြီးများ အဖွဲ့သည် ကယားပြည်နယ် လွိုင်ကော် မြို့ရှိ မြို့တော် ခန်းမ၌ ပြည်နယ် ဝန်ကြီး များနှင့် လူထု ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

ယင်းအခမ်း အနား၌ ပြည်နယ်၏ လိုအပ်ချက်များကို တင်ပြ ဆွေးနွေးခဲ့စဉ် ကယား ပြည်နယ်ရှိ လမ်း၊ တံတားများ ပြန်လည် ပြင်ဆင်ရေးအတွက် ပြည်ထောင်စု အစိုးရမှ ထောက်ပံ့ ကူညီပြီးဖြစ်ကြောင်း
ဆောက်လုပ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဒင်မှ တက်ရောက် လာသည့် ကိုယ်စားလှယ်များ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

အခမ်း အနားကို ပြည်နယ် လွတ်တော် ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်း၊ လူမှုရေး အသင်း အဖွဲ့များ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ၊ INGO  များ  ၂၉ဝ  ကျော် တက်ရောက် ခဲ့ကြသည်။

အခမ်းအနား တက်ရောက် လာသည့် ကိုယ်စားလှယ် များမှလည်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ အပြင် ပြည်နယ်တွင်း လိုအပ် နေသည့် ကျန်းမာရေး၊ ပညာရေးနှင့် အခြား ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ပေးရန်လည်း တင်ပြခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates