Wednesday, October 24, 2012

ကမ္ဘာ့ရွှေဈေး အကျနှင့်အတူ ပြည်တွင်းရွှေဈေး လိုက်ကျ၊ ဈေးကွက်ငြိမ်

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၁ မိနစ်

ရန်ကုန် မဇ္ဈိမ ။        ။ ကမ္ဘာ့ရွှေဈေး ကျဆင်းမှုနှင့်အတူ ပြည်တွင်းမှ အခေါက်ရွှေဈေးပါ လိုက်ကျသော်လည်း ဈေးကွက်မှာ ပုံမှန်တန်းထက် အနည်းငယ် ငြိမ်နေကြောင်း ရွှေကုန်သည်များက
ပြောကြသည်။

“ဒီတပါတ် ဈေးကွက်မှာ ငွေကြပ်တာရယ်၊ ဝယ်အားကောင်းတဲ့ အရပ်ဝယ်လက်တွေ ဝယ်အား မရှိတာရယ်၊
ဈေးကွက်ထဲမှာ ရောင်းတဲ့ ပစ္စည်း၊ ရွှေပေါတာရယ်ကြောင့် ဈေးကွက် အေးပါတယ်။ အရပ်ဝယ် လက်တွေကလည်း ဒီကနေ့အထိ ထုတ်ရောင်းအား ကောင်းနေပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၇၄၅ - ၁,၇၃ဝ ဒေါ်လာ ရှိခဲ့ပြီး ပြည်တွင်း အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၈၂,ဝဝဝ - ၇၈ဝ,၅ဝဝ ကျပ်
ဖြစ်ခဲ့သည်။ အောက်တိုဘာလ ၁၆ ရက်တွင်မူ ကမ္ဘာ့ရွှေဈေး ၁,၇၃၆ - ၁,၇၄၅ ဒေါ်လာ ရှိခဲ့ပြီး ပြည်တွင်း
ရွှေဈေးမှာ ၇၈၈,ဝဝဝ - ၇၈၂,၅ဝဝ ကျပ် ဖြစ်ခဲ့သည်။

“အောက်တိုဘာလ တတိယပတ်မှာ ကမ္ဘာ့ရွှေဈေးက အမြင့်ဆုံး ၁,၇၅၁ ဒေါ်လာအထိ ဖြစ်ခဲ့ပြီး အနိမ့်ဆုံးဈေးအနေနဲ့ ၁,၇၃၄ ဒေါ်လာ ဖြစ်ခဲ့ပါတယ်။ ပြည်တွင်း အခေါက်ရွှေဈေး အနေနဲ့ အမြင့်ဆုံးဈေး ၇၈၈,ဝဝဝ ကျပ်ဖြစ်ခဲ့ပြီး ကျပ် ၇၇၃,၅ဝဝ နဲ့ အနိမ့်ဆုံးဈေး ဖြစ်ပေါ်ခဲ့ပါတယ်” ဟု အလုံမြို့နယ်နေ
ရွှေကုန်သည် ဦးသိန်း က ပြောသည်။

မြန်မာ့ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးပေါ် တည်မှီ ပြောင်းလဲမှုကြောင့် ကမ္ဘာ့ရွှေဈေးနှင့် အတူ မြန်မာ
ရွှေဈေးလည်း ကျဆင်း ခဲ့ခြင်း ဖြစ်သည်။

“တတိယပတ်အတွင်း ရန်ကုန်ရွှေဈေးကွက်မှာ တပါတ်လုံး နယ်စပ်ဘက်က ဝယ်လက်ကြီးတွေနဲ့ ချိတ်ဆက်ထားတဲ့ ကုန်သည်တွေ အဝယ်မရှိတာ တွေ့ရတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကမ္ဘာ့ရွှေဈေး ကျသွားတာကြောင့် နယ်စပ်ဘက် အဝယ်သမားတွေနဲ့ ချိတ်ဆက်ထားတဲ့ ကုန်သည်တွေ သိသိသာသာ ရွှေပြန်ရောင်းထုတ်လာတာ တွေ့ရတယ်” ဟု ရွှေဘုံသာလမ်းရှိ ဝါရင့် ရွှေကုန်သည်တဦးက ဆိုသည်။

ရန်ကုန်ရွှေဈေးကွက်တွင် အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းတွင် ကျပ် ၇၇၃,ဝဝဝ ဖြင့် အဖွင့်ဈေးရှိခဲ့ပြီး ညနေ တွင် ကျပ် ၇၇၄,၅ဝဝ ဖြင့် ဈေးပိတ်ခဲ့သည်။ အလားတူ ကမ္ဘာ့ရွှေဈေးမှာလည်း ၁,၇၂၅ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၇၂၆ ဒေါ်လာတွင် ရှိနေကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates