Sunday, October 28, 2012

ပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်တန်းများ စဉ်ဆက်မပြတ် ပို့ချသင့်

ခင်မျိုးသွယ် | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၃၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် ပိုမို ထိရောက်စေ၇န် အတွက် သက်ဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချသင့်ကြောင်း အကြံပြုမှုများ ရှိနေသည်။

“မြို့တိုင်း မြို့တိုင်းမှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လုပ်ကိုင်နေသူတွေ ရှိမယ်။ ဒါပေမယ့် ဘယ်ဟာကို အရင်လုပ်ရ မယ်၊ ဘယ်ဟာကိုတော့ ခဏဆိုင်းငံ့ထားလို့ရတယ်၊ ဘယ်ဟာကိုတော့ နောက်မှ လုပ်လို့ရတယ် ဆိုတဲ့ စည်းစနစ် မျိုးတော့ မရှိသေးဘူး။ ဒါ့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက နယ်မြို့တွေကိုလိုက်ပြီး သင်တန်းပေးတာပဲဖြစ်ဖြစ်၊ သင်တန်းကျောင်းတခုဖွင့်ပြီး အဲဒီမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းလိုသူတွေကို သင်တန်းပေးတာမျိုးပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်” ဟု သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို စိတ်ဝင်စားသူ ဦးအောင်အောင်က ပြောကြား သည်။

ယင်း သင်တန်းဆင်းများအနေဖြင့် မိမိဒေသ ပတ်ဝန်းကျင်တွင် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကို စနစ်တကျ စီမံခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်လာနိုင်မည်ဟု ဆိုသည်။

“စက်ရုံ၊ ဟော်တယ် စတဲ့ လုပ်ငန်းရှင်တွေရဲ့ ဝန်ထမ်းတွေကိုလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်တန်းတွေ တက်ခိုင်းသင့်ပါတယ်။ ဒါမှ သူတို့ရဲ့ စက်ရုံအတွင်း၊ ဟော်တယ်အတွင်းမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မယ်။ ဒါမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှုတွေ တိုးတက်လာနိုင်မယ်” ဟု ငွေဆောင်ကမ်းခြေ အခြေစိုက်ဟော်တယ်လုပ်ငန်းရှင် တဦးက ပြောသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာနအနေဖြင့် သစ်တောများကို ပြုန်းတီး မသွားစေရန်နှင့် နောက်ထပ် သစ်တောများ ထပ်မံ တိုးပွားစေရန် ရည်ရွယ်၍ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် အဆိုပါ ဝန်ကြီးဌာနရှိ အင်ကြင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates