Wednesday, October 24, 2012

မန်း လေဆိပ်တွင် ဆိုက်ရောက် ဗီဇာ ထုတ်ပေးတော့မည်

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆိုက်ရောက် ဗီဇာများ ထုတ်ပေးရန်အတွက် ကောင်တာများတွင် စက်များ တပ်ဆင်ပြီး ဖြစ်နေကြောင်း တာဝန်ရှိသူများနှင့် ခရီးသည်များထံမှ သိရသည်။

“မန္တလေး လေဆိပ်ကို ပြည်ပလေကြောင်းလိုင်းတွေ တိုးချဲ့ပြေးဆွဲလာတာကြောင့် ဆိုက်ရောက် ဗီဇာ ထုတ်ပေးဖို့ စီစဉ်ရတာပါ။ လောလောဆယ် ကောင်တာ လေးခုမှာ ထုတ်ပေးဖို့ စက်တွေ တပ်ဆင်ပြီးပါပြီ” ဟု နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက
ပြောကြားသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြည်ပလေကြောင်းလိုင်းများ ချိတ်ဆက် ပြေးဆွဲမည့် သတင်းများ ထုတ်ပြန်အပြီး ယင်းသို့ စီစဉ်လာခြင်း ဖြစ်သည်။

“အခုဆိုရင် Air Asia လေကြောင်းလိုင်းက မန္တလေး လေဆိပ်ကို ပြေးဆွဲနေပြီ။ အဲဒီက ခရီးသည်ကို ရန်ကုန်လိုပဲ ဆိုက်ရောက်ဗီဇာ ထုတ်ပေးရမှာဆိုတော့ မန္တလေးကို ဆက်စီစဉ်ပေးတာ ဖြစ်နိုင်ပါတယ်” ဟု ခရီးသွားလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူ တဦးဖြစ်သော ဦးတင်ထွန်းအောင် က ပြောသည်။

မြန်မာနိုင်ငံတွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှုကို ရန်ကုန် လေဆိပ်တွင် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က
ကောင်တာ ငါးခုဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ကောင်တာ သုံးခု ထပ်မံတိုးချဲ့ခဲ့ရသည်။

“ရန်ကုန်လေဆိပ်က ဆိုက်ရောက်ဗီဇာနဲ့ နေ့စဉ် ခရီးသည် ပျမ်းမျှ ၆ဝ ခန့် ဝင်ရောက်မှု ရှိပါတယ်။ ရန်ကုန်လေဆိပ် က ခရီးသည် ဝင်ရောက်မှုကို ကြည့်ရင် စက်တင်ဘာ လကုန်အထိ ၃၅၇,၁၅၉ ဦးရှိခဲ့ပါတယ်။ အရင်နှစ်တွေထက် နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု ၄ဝ ရာခိုင်နှုန်းကျော် တိုးတက်လာတာ တွေ့ရတယ်” ဟု ဦးတင်ထွန်းအောင် က ဆက်ပြောသည်။

မြန်မာနိုင်ငံက ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားသည့် နိုင်ငံများမျာ အာဆီယံ နိုင်ငံများနှင့်  သြစတြေးလျ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီးလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ထိုင်ဝမ်၊ အမေရိကန်၊ UK (ဗြိတိန်) စသည့် နိုင်ငံများ ဖြစ်ကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates