Sunday, October 28, 2012

ဗဟိုဘဏ် အပ်ငွေ-ချေးငွေ အတိုးနှုန်းကို စောင့်ကြည့် သတ်မှတ်မည်

ခင်မျိုးသွယ် | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၂၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မူဝါဒများနှင့် ကိုက်ညီသော ဗဟိုဘဏ်အတိုးနှုန်းအား သတ်မှတ်ပြီး ဘဏ်များ၏ အပ်ငွေနှင့် ချေးငွေများအပေါ် အတိုးနှုန်းများကို စောင့်ကြည့် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ချေးငွေအပေါ် အတိုးနှုန်းအား ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်း သို့လည်းကောင်း လျှော့ချပေးပါက အပ်ငွေအပေါ် အတိုးနှုန်းကိုလည်း
လျှော့ချပေးရမှာဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန် ဒု-ဝန်ကြီးက ပြောဆိုလိုက်သည်။

“နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်မယ့် စီးပွားရေး အခြေအနေ၊ ပြည်သူတို့၏ စုဆောင်း မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စားသုံးမှုတို့အပေါ် လေ့လာသုံးသပ်ပြီး ဆီလျော်တဲ့ ဘဏ္ဍာရေးနှင့်
ငွေကြေးမူဝါဒဆိုင်ရာ နည်းလမ်း များကို ချမှတ်ပြီး ယင်းမူဝါဒများနှင့် ကိုက်ညီသော ဗဟိုဘဏ် အတိုးနှုန်းအား သတ်မှတ်ပြီး ဘဏ်များ၏ အပ်ငွေ အပေါ် အတိုးနှုန်းများ၊ ချေးငွေအပေါ် အတိုးနှုန်းများကို
စောင့်ကြည့်သတ်မှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု သတ္တမနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသွားသည်။

စုငွေအတွက် ၁၂ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းသို့လည်းကောင်း ချေးငွေအတွက် ၁၇ ရာနှုန်းမှ ၁၅ ရာခိုင်နှုန်းထက် မပိုသည့် အတိုးနှုန်းများ လျှော့ချမှုကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင် လျှော့ချပေးခဲ့သည်။

စုငွေအတွက် အတိုးနှုန်းများ ထပ်မံ၍ လျှော့ချဦးမည်ဆိုပါက အငြိမ်းစားဝန်ထမ်းများအတွက် နစ်နာသွားနိုင်ကြောင်း အာရှစိမ်းလန်းမှု ဖွံဖြိုးရေးဘဏ်မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က ဆိုသည်။ 

“မြန်မာနိုင်ငံမှာတော့ ဘဏ်တိုးနှုန်း ပေးရတာတွေကို များတယ်လို့ အများစုက ထင်ကြတယ်။ အိမ်နီးချင်း နိုင်ငံတွေ မှာလည်း များတဲ့နိုင်ငံအချို့လည်း ရှိပါတယ်။ အခြားနိုင်ငံအချို့မှာ နှစ်ရှည်အပ်ရင် အတိုးများများပေးတာ၊ နှစ်တို အပ်ရင် အတိုးနည်းနည်း ပေးတာမျိုးတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ
ငွေအပ်နှံစရာ ဆိုလို့ ဘဏ်ပဲ ရှိနေတာပါ။ စတော့ ရှယ်ယာ ဈေးကွက်တို့၊ အခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေမှာ သာမန်ပြည်သူတွေအနေနဲ့ လုပ်ဖို့ မရှိသေး ပါဘူး။

သာမန်လူတွေထဲက ဘဏ်မှာ အပ်သူအများစုက အငြိမ်းစားသမားတွေ များတယ်။ သူများနိုင်ငံမှာ အငြိမ်းစား ယူပြီးရင် စားနိုင်သောက်နိုင်လောက်အောင် ကျန်တော့ သိပ်ပူစရာမရှိဘူး။ ဒီိမှာကျတော့ အငြိမ်းစားသမားတွေက ဘဏ်ကိုအပ်ပြီး ဘဏ်တိုးကို အားကိုးစားကြရတဲ့ သူတွေ ရှိနေတယ်။ အကယ်၍သာ ဘဏ်တိုးနှုန်းကို ထပ်ချမယ် ဆိုရင် ဘဏ်တိုးကို အားပြုကြရတဲ့ အငြိမ်းစား ဝန်ထမ်းတွေ အတွက်တော့ ထိခိုက်မှု ရှိနိုင်ပါတယ်” ဟု ပြောဆို သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates