Monday, October 22, 2012

မုံဘိုင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးထားသူထဲ မြန်မာတဦး ပါဝင်ဟုဆို

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။         ။ အိန္ဒိယနိုင်ငံ၏ မုံဘိုင်းမြို့ကြီးတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း အကြမ်းဖက်မှုနှင့် ပတ်သက်၍ ရဲဌာနမှ နောက်ထပ် ဖမ်းဆီးရမိသူများထဲတွင် မြန်မာနိုင်ငံသားတဦး ပါဝင်နေကြောင်း Times of India သတင်းစာကြီးက ရေးသားထားသည်။

လူ နှစ်ဦး သေဆုံးကာ ၆၃ ဦး ဒဏ်ရာရရှိခဲ့သော သြဂုတ်လ ၁၁ ရက်နေ့ မုံဘိုင်း အဓိကရုဏ်းတွင် တိုင်းတပါး စွက်ဖက်မှု ပါဝင်နိုင်မည်ဟု အာဏာပိုင်များက စွပ်စွဲထားပြီးနောက် ယခုကဲ့သို့ တနင်္ဂနွေနေ့က ဖမ်းဆီးရမိသူ နှစ်ဦး ထဲတွင် မြန်မာဟု ဆိုသော အသက် ၂၈ နှစ်အရွယ်ရှိ Yusuf Ahmed Khan  လည်း ပါဝင်နေပြီး စစ်ဆေးမေးမြန်း လျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် ၁၀ နှစ်ကျော်ကြာ နေထိုင်လာခဲ့သည့် ယူစွတ်အာမဒ်ခန်း ၏ ဖုန်းခေါ်ဆိုမှုများတွင်
မြန်မာနိုင်ငံမှ လူတချို့နှင့် ချိတ်ဆက်မှုကို သိရှိခဲ့ရပြီး အိန္ဒိယနိုင်ငံတွင် လူမျိုးရေးပဋိပက္ခများ
ဖြစ်ပေါ်စေနိုင်သည့် ကောလာဟလ SMS ဖုန်းမက်ဆေ့ခ်ျများကို ပထမဆုံး လက်ခံရရှိကာ ဆက်လက်ဖြန့်ဝေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။

ဇွန်လအတွင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုသတင်းများ ထွက်ပေါ်လာပြီး အိန္ဒိယ အရှေ့မြောက်ဒေသတွင် မူဆလင် သုံးသောင်း အသတ်ခံရသည် ဟူသည့် ကောလာဟလ မက်ဆေ့ခ်ျများ မိုဘိုင်းဖုန်းများမှတဆင့် ပျံ့နှံ့လာခဲ့သည်။

ထို့နောက် လူဦးရေ ထူထပ်လှသော မုံဘိုင်းမြို့ကြီးတွင် မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတချို့၏ စနက်ကြောင့် အကြမ်းဖက်မှုများ ဖြစ်ခဲ့ရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

၎င်းနောက်တွင် အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ် ခြိမ်းခြောက်မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့ လာခဲ့ပြန်သည်။

ထိုကောလာဟလကြောင့် မုံဘိုင်း၊ ဘန်ဂလို၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်
ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့ကြသည်။

ထိုသို့ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် မုံဘိုင်းမြို့မှ ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။

မြန်မာနိုင်ငံ(ရခိုင်ပြည်နယ်)အတွင်း အကြမ်းဖက်မှုများကို လီဆည် ပြုပြင်ထားသည့် အဆိုပါ ဗီဒီယိုများကို သြဂုတ်လ အတွင်းက အင်တာနက်ပေါ်သို့ ထိုကျောင်းဆရာ လွှင့်တင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။ အဆိုပါ ဗီဒီယို များမှာ နောက်ပိုင်းတွင် မိုဘိုင်းဖုန်းများသို့ ပျံ့နှံ့သွားကာ ပူနေးမြို့နှင့် အခြား ဒေသများရှိ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သား ကျောင်းသားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေသည့် အကြောင်းရင်း ဖြစ်သည် ဟုလည်း ဆိုသည်။

အဆိုပါ လုပ်ကြံဗီဒီယိုများ ဆက်လက်မပြန့်ပွားစေရန် အိန္ဒိယ အစိုးရက အင်တာနက် စာမျက်နှာ ၂၄၅ ခုကို သြဂုတ်လ ၂၂ ရက်နေ့မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများလည်း ထိုအတောအတွင်း ပျံ့နှံ့ခဲ့သည်။

အာသံပြည်နယ်တွင် ဒေသခံ ဘိုဒို တိုင်းရင်းသားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည်ဆိုသော မူဆလင် များအကြား အကြမ်းဖက်မှုများ ဇူလိုင်လ ကတည်းက စတင်ဖြစ်ပွားခဲ့သည်။ သြဂုတ်လဆန်းပိုင်း တွင် သတ်ဖြတ်မှုများနှင့် မီးရှို့မှုများ ပြင်းထန် သည်းသန်လာခဲ့ကာ အနည်းဆုံး လူ ၁ဝဝ ခန့် သေဆုံးခဲ့ရပြီး လူဦးရေ လေးသိန်းခန့်မှာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates