Monday, August 20, 2012

စာနယ်ဇင်းများ စိစစ်ရေးသို့ တင်ပြရန် မလိုတော့

ဖနိဒါ | တနင်္လာနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၀၉ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။        ။ ဘာသာရေး၊ နိုင်ငံရေးတို့နှင့် ပတ်သက်သည့် ပြည်တွင်းထုတ် ဂျာနယ်နှင့် မဂ္ဂဇင်းများကို ခွင့်ပြုချက်အတွက် ကြိုတင် တင်ပြရန်မလိုဘဲ ထုတ်ဝေခွင့် ပြုလိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက် သည်။

‘စာပေ ကင်ပေတိုင်’ ဟု နာမည်ကြီးသော စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင်ခွင့်ပြုချက် တင်ပြရန် မလိုဘဲ ထုတ်ဝေပြီးမှ တင်ပြရန်ဖြစ်ကြောင်း သတင်းဂျာနယ် တာဝန်ရှိ သူများကို ခေါ်ယူ၍ တနင်္လာနေ့ နံနက်က အသိပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နောက်ဆုံးကျန်တဲ့ နိုင်ငံရေးနဲ့ ဘာသာရပ်နှစ်ခုကို တင်ထုတ်စနစ် လုပ်ထားတာကိုး၊ အဲဒါတွေ အားလုံးကို ကျနော်တို့ ထုတ်တင်စနစ်ကို ပြောင်းပေးလိုက်ပါပြီ။ ကျနော်တို့ နိုင်ငံတွင်းမှာ ထုတ်ဝေစာတွေကို စာပေစိစစ်ရေးကို တင်ပြရတဲ့ ထုတ်ဝေစာတွေ မရှိတော့ဘူး။ အားလုံးကို ကျနော်တို့ဆီ တင်စရာ မလိုတော့ဘူး” ဟု ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးတင့်ဆွေ က မဇ္ဈိမကို ပြောသည်။

ဂျာနယ် ၈၆ စောင်နှင့် မဂ္ဂဇင်း ၅၅ စောင်တို့အပြင် အခြား အထွေထွေဖြစ်သော ပြက္ခဒိန်၊ ပို့စ်ကတ်၊ သဝဏ်လွှာ တို့လည်း စီစစ်ရေးသို့ ကြိုတင် တင်ပြရန်မလိုဘဲ ထုတ်ဝေဖြန့်ချိရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနအနေဖြင့် စာပေစိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်တော့မည် မဟုတ်ဘဲ ပုံနှိပ်သူ၊ ထုတ်ဝေသူများအတွက် မှတ်ပုံတင်သည့် လုပ်ငန်းသာ လုပ်ဆောင်တော့မည် ဖြစ်သည်ဟု ဦးတင့်ဆွေက ပြောသည်။

အစိုးရသစ် လက်ထက်တွင် စာပေစိစစ်ရေးလုပ်ငန်းများအား ယမန်နှစ် ဇွန်လမှစတင်၍  ဖြေလျော့ပေးခဲ့ရာ ယခု တကြိမ်မှာ ပဉ္စမအကြိမ်နှင့် နောက်ဆုံး ဖြေလျော့ပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း “ကျနော်တို့က ခုမှ ခွင့်ပြုဖို့အတွက် ကို ခုမှ ထပြီတော့ လုပ်တာ မဟုတ်ဘူး။ ဒီအစိုးရ တက်လာကတည်းက အဆင့်ဆင့် မူချမှတ်ပြီး လုပ်လာခဲ့တယ်။ မူတခုက ၆၂ ခုနှစ် ဥပဒေကို လက်ရှိအခြေအနေနဲ့ သဟဇာတ ဖြစ်အောင် လုပ်ပေးဖို့၊ နောက်တခုက ဥပဒေအသစ်ရေးဆွဲဖို့ ဥပဒေသစ်မထွက်မီ အဆင့်ဆင့်လျှော့ချလာတာ ခု ငါးကြိမ်ရှိပြီ” ဟု ဦးတင့်ဆွေ က ဆက်ပြောသည်။ 

ယခုကဲ့သို့ စိစစ်ရေးသို့ တင်ပြရန်မလိုဘဲ ထုတ်ဝေနိုင်ပြီဖြစ်၍ တာဝန်ယူမှု ပိုရှိလာသဖြင့် သတိပြုသင့်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA အထွေထွေအတွင်းရေးမှူး (ဦး) ကိုကို(စက်မှု)က ပြောသည်။

“လွတ်လပ်စွာ ရေးသားနိုင်မှုနဲ့အတူ တာဝန်ယူမှုလည်း ပူးတွဲ ပါလာလိမ့်မယ်။ လွတ်လပ်ခွင့်ရှိပြီ ဆိုပြီးတော့ အကုန်လုံး ကိုယ်ထင်သလို ရေးနေရင် ပြဿနာတွေ အများကြီး တက်လာနိုင်တယ်။ ၁၉၆၂ ဥပဒေက တကဏ္ဍ ထားလိုက်ပေါ့။ နစ်နာတဲ့လူတွေ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များသောလည်းကောင်း တရားစွဲဆိုတာတွေ ရှိလာတာဘဲ။ ဒါက လွတ်လပ်တဲ့ နိုင်ငံတိုင်းမှာ မလွဲမသွေ ကြုံရတယ်။ အဲတော့ တာဝန်ယူမှု ပိုပြီး ရှိလာမယ်” ဟု မဇ္စျိမကို ပြောသည်။ 

မြန်မာ စာရေးဆရာများနှင့် ဂျာနယ်လစ်များကမူ စာပေစိစစ်ရေးဌာနအား လုံးဝ ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း ဦးဆောင်၍ စစ်အာဏာသိမ်းအပြီး သြဂုတ်လတွင် ပြဋ္ဌာန်းခဲ့သော စာပေတည်းဖြတ်မှု ဥပဒေသည်လည်း ယနေ့ထိ အသက်ဝင်နေဆဲ ဖြစ်သည်။

အသစ်ရေးဆွဲထားသော မီဒီယာ ဥပဒေမူကြမ်းအား ယခု သြဂုတ်လ ၇ ရက်နေ့က သမ္မတ ရုံးသို့ တင်ပြထားပြီး ထိုမှတဆင့် ဝန်ကြီးများအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာဖြင့် ‘အမြုတေ စာနယ်ဇင်းကောင်စီ’ ကို သြဂုတ်လ ၉ ရက်နေ့က ဖွဲ့စည်း လိုက်သော်လည်း စာနယ်ဇင်းသမားများ၏ ကန့်ကွက်ဝေဖန်မှုကြောင့် ဆိုင်းငံ့ထားရသည်။

တနင်္လာနေ့နံနက် ၁ဝ နာရီမှ ၁၁ နာရီအထိ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနတွင် ပြုလုပ်သည့် ရှင်းလင်းပွဲသို့ မီဒီယာ သမား ၁ဝဝ နီးပါး တက်ရောက်ခဲ့သည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates