Monday, August 20, 2012

မန္တလေး-အင်ဖား ဘတ်စ်ကားလိုင်း အမြန်စတင်ရေး အိန္ဒိယဘက်မှ လိုလား

နေမျိုး | တနင်္လာနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၂၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖားမြို့နှင့် မန္တလေးမြို့ အကြား အဝေးပြေး ဘတ်စ်ကား လိုင်းအား ဆောလျှင်စွာ ပြေးဆွဲနိုင်ရန် အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် မစ္စတာ ရာဂျန် မာထီး Mr. Ranjan Mathai နှင့် မဏိပူရပြည်နယ် အစိုးရတို့ သြဂုတ်လ ၁၆ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီး မဏိပူရ တက္ကသိုလ်တွင် ပြုလုပ်သည့် ‘အိန္ဒိယနှင့် သူ၏အိမ်နီးချင်းများ’ ဆိုသည့်ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်လည်း မစ္စတာ ရာဂျန် မာထီး က ဘတ်စ်ကားလိုင်း အမြန်စတင် ပြေးဆွဲနိုင်ခြင်းအားဖြင့် “မဏိပူပြည်သူများနှင့် မြန်မာတို့ ပိုမိုနီးကပ်စွာ ဆက်ဆံလာနိုင်မည် ဖြစ်သည်” ဟု ပြောဆိုကြောင်း မဏိပူရပြည်နယ်ထုတ် Sangai Express သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ်၊ မဏိပူရပြည်နယ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးနှင့် မဏိပူအစိုးရ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဆက်သွယ်ပေးမည့် ၁၉၈၈ မိုင် အရှည်ရှိ လမ်းမကြီး၏ အစိတ်အပိုင်းတခု ဖြစ်သည့် အင်ဖား-မန္တလေး လမ်းပိုင်းသည် မိုင်ပေါင်း ၅၈ဝ ရှည်လားသည်။

သုံးနိုင်ငံ လမ်းမကြီးကိုမူ ၂ဝ၁၆ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအား ကိုးကား၍ သြဂုတ်လ ၁၃ ရက်နေ့ထုတ် The Nation သတင်းစာတွင် ရေးသားထားသည်။

ဒီဇင်ဘာလအတွင်း ကျင်းပမည့် အာဆီယံ + အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲအတွင်း သုံးနိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံနိုင်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။

သြဂုတ်လ ၂၂ ရက်နေ့တွင်လည်း မြန်မာနှင့် အိန္ဒိယ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများ ဆွေးနွေးကြမည်ဖြစ်သည်။ ထိုအစည်းအဝေးသို့ မြန်မာနှင့် မဏိပူရပြည်နယ် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး အတွင်းဝန် တက်ရောက်မည် ဖြစ်သော်လည်း ကျင်းပမည့်နေရာကိုမူ မသိရှိရသေးပေ။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates