Monday, August 20, 2012

ရေပတ်လည် ဝိုင်းလျက်ရှိသော မဒေါက် ရွှေကျင်

သိင်္ဂီထွန်း | တနင်္လာနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၃ မိနစ်

(သတင်းဆောင်းပါး)

“မဒေါက်မြို့ထဲ ရောက်ပြီ…” လို့ ကျမ စီးနင်းလိုက်ပါလာတဲ့ အဝေးပြေးကား နောက်လိုက်က ပြောလို့ ကြည့်လိုက်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လှေဆိပ်ကို အရင် တွေ့လိုက်ရပါတယ်။

အခု အခါသမယမှာဖြင့် အဓိက သယ်ယူပို့ဆောင်ရေး ယာဉ်ဖြစ်နေတဲ့ လှေခကို မေးတော့ “ဟိုနား ဒီနား တယောက် ၁၀၀” ကျပ် တဲ့။ ရေပတ်လည်ဝိုင်းနေတဲ့ အိမ်တွေရဲ့အဝမှာ လှေတွေ ရပ်ထားတတ်ကြသလို လှေနဲ့ ဆွမ်းခံကြွနေတဲ့ ကိုရင်တွေ၊ သံဃာတော်တွေ ကိုလည်း တွေ့ရပါတယ်။ 

စစ်တောင်း မြစ်ကမ်းပါးက ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင်းရှိ မဒေါက်မြို့နဲ့ ရွှေကျင်မြို့တို့
ရေကြီးနေသည်မှာ ရက်သတ္တ သုံးပတ်ပင် ကြာနေပါပြီ။ ဒီဒေသတွေမှာ မိုးတွင်းဆို ရေတက်နေကျပေမယ့် ဒီတကြိမ်က ၁၉၉၇ ခုနှစ်က ထက် စာရင် ဒုတိယ အဆိုးရွားဆုံး ဖြစ်ပါတယ်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့အဝင်လမ်းရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် ကျောင်းအုတ်နံရံထိ နစ်မြုပ်နေ၍ ဝါးတံတား သွယ်တန်းထားရသည်ကို သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။(ဓါတ်ပုံ - သိင်္ဂီထွန်း၊ မဇ္ဈိမ)

ဒီလဆန်း ၂ ရက်နေ့ကတည်းက ညောင်လေးပင်မြို့နယ်တွင်း ကယ်ဆယ်ရေးစခန်း ၄၃ ခု ဖွင့်ထားရပြီး အိမ်ထောင်စု ၃၄ဝ ခိုလှုံနေကြပါတယ်။ မဒေါက်တိုက်နယ် မြို့မ ၁ နဲ့ ၂ ရပ်ကွက်မှာကို ကယ်ဆယ်ရေးစခန်းက လေးခုပါ။

ဒုက္ခသည်တွေအတွက် ဝန်ကြီးဌာနကနေ ဆန် (လူကြီး သုံးဗူး၊ ကလေး တဗူးခွဲနှုန်း)နဲ့ တအိမ်ထောင် ငွေ ၅,၀၀၀ ကျပ် စီ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကလည်း ညောင်လေးပင် မြို့နယ်အတွက် ဆန်အိတ်၂၄၀ ကျော် လှူဒါန်းထားပြီး ပုဂ္ဂလိက အလှူရှင်တွေလည်း လှူကြတန်းကြပါတယ်။

“အလှူရှင်တွေ နေ့စဉ် ထမင်းထုပ် ဝေတယ်။ မြို့နယ်က စီစဉ်ပြီး ရွာတွေလည်း အလှည့်ကျ ဝေတယ်” လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတယောက်က ရှင်းပြပါတယ်။

မဒေါက် တိုက်နယ်တွင်းက ရေပေါ်သောင်ရွာမှာဆို ခြေတံရှည်အိမ်တွေ ဆောက်ထားတာတောင် တချို့ရေမြုပ်နေပြီး ကုန်းအလွတ်ရယ်လို့ မတွေ့ရဘဲ ဖြစ်နေပါတယ်။

ကျမ ရောက်သွားချိန်က ဥပုသ်နေ့ဖြစ်နေပြီး ရေပေါ်သောင် ရွာသားအများစု ရွာဦးကျောင်းမှာ ဥပုသ်သီလ စောင့်နေကြ လို့ ရွာက တိတ်ဆိတ်နေပါတယ်။ သီလယူ ရွာသားတွေလည်း ဘုန်းကြီးကျောင်းရင်း လှေခါးဝအထိ လှေကို လှော်ခတ် ပြီး ဝင်ကြရတာပါ။

မဒေါက်ကနေ ရွှေကျင်အသွား၊ စစ်တောင်းမြစ်ကို ဖြတ်ကျော်ဆောက်ထားတဲ့ တံတားကို ကျော်လိုက်တာနဲ့ ကားလမ်းမမှာ ရေတွေ လျှံနေပြန်သေးတယ်။

ဘေးဘက်က ကိုင်းခင်းတွေက မြစ်ပြင်ကြီးလို ဖြစ်နေပြီး တဝက်ခန့် ရေမြုပ်နေတဲ့ တဲတွေ၊ အိမ်ဝအရောက် ထိုးထားတဲ့ ဝါးတံတားလေးတွေ အစီအရီပေါ်လာသလို ကလေးတချို့ကလည်း ရေထဲမှာ ဆော့ကစားလို့ပါ။

ပုံမှန်အချိန်ဆို ရွှေကျင်မြို့တွင်း သွားလာရေးမှာ ဆိုင်ကယ်နဲ့ မြင်းလှည်း ဖြစ်ပေမယ့် အခုတော့ လှေဆိပ် ဖြစ်နေပါပြီ။

ရွှေကျင်မြို့ပေါ်နဲ့ နယ်ကျေးရွာတွေမှာ ကယ်ဆယ်ရေးစခန်း ၁၈ ခု ဖွင့်ထားပြီး ခိုလှုံနေသူ  တသောင်းကျော် ရှိနေပါတယ်။

မြို့ပေါ်က ရွှေကျင်ဘုရားကြီး၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတို့မှာ ဖွင့်ထားတဲ့ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ အမျိုးသမီး အများစုကို တွေ့ရပါတယ်။ သူတို့ရဲ့ အမျိုးသားများကတော့ ရွှေမှော်၊ ရာဘာခြံ၊ ရှောက်သီးခြံတွေမှာ အလုပ်ဆင်းနေကြတုန်း ဖြစ်ပါတယ်။

ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေရသူ အများစုကတော့ သဒ္ဓါရှင်တွေဆီက လာမယ့် ထမင်းထုပ်ကိုပဲ မျှော်လင့်နေကြ ရတာပါ။   ။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates