Saturday, August 18, 2012

ဆုံးရှုံး မျိုးစပါး အစားထိုး ပြန်ပေးနိုင်ရန် အလှူငွေ ကောက်ခံ

သစ်ငြိမ်း | စနေနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၁ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းရှိ ရေလွှမ်းမိုး ဆုံးရှုံးခဲ့ရသည့် မျိုးစပါးများ အစားထိုး ပြန်လည် ပေးဝေနိုင်ရန် အလှူငွေများ စတင်ကောက်ခံနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းချုပ်က ပြောသည်။

“ရေနစ်မြုပ်ခဲ့တဲ့အတွက် မျိုးစပါး တင်း နှစ်သောင်းကျော် ဖြန့်ဝေလှူဒါန်းဖို့ ရှိပါတယ်။ အသင်းကနေ ကမကထ လုပ်ပြီး ထည့်ဝင်လှူတာ ဒီနေ့မှာတင်ပဲ ကျပ်သိန်း ၄၀၀ လောက် ရပြီ။ ကျပ်သိန်း ၂,၀၀၀ လောက်ထိ မှန်းထားတယ်” ဟု အသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးသောင်းဝင်း က ပြောသည်။

ယခု ပေးလှူမည့် မျိုးစပါးကို အဓိကအားဖြင့် စိုက်ပျိုးချိန် ရက် ၁၂၀ အတွင်းသာ လိုမည့် ရက်တို စပါးများကိုသာ ရွေးထားပြီး ယင်းစပါးကို ရန်ကုန်မြို့ရှိ မျိုးစပါး ရောင်းချသည့် နေရာများမှ စုဆောင်းကာ သီးထပ်ရင်နှင့် ရတနာတိုး ကဲ့သို့သော မျိုးစပါးများကို ပေးလှူသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထိုသို့ ပေးလှူရန်အတွက် အလှူငွေကောက်ခံမှု အချိန်ကာလ၊ လယ်သမားထံ မျိုးစပါး ရောက်ရှိမှု အချိန်ကာလတို့ကြား လယ်ယာစိုက်ပျိုးရေးတွင် အချိန်အကန့်အသတ်ရှိမှုနှင့် ပတ်သက်ပြီး “အချိန်ကာလ အနေနဲ့ကလည်း မီပါတယ်။ ရေကျ နောက်ကျတဲ့ လယ်တွေတောင် နောက် တလနှစ်လနေမှ စိုက်လို့ရတာပဲ။ နွေစပါး စိုက်သူတွေ အတွက်ကတော့ ကောင်းကောင်း မီပါတယ်။ တချို့ကတော့ ပျိုးထောင်တာတွေကိုတော့ လုပ်ချင်မှလုပ်နိုင်မှာပေါ့” ဟု ဦးသောင်းဝင်း က ရှင်းပြသည်။

သက်ဆိုင်ရာဒေသ တာဝန်ရှိသူများထံမှ ရေနစ်မြှုပ် ဆုံးရှုံးခဲ့ရသည့် စာရင်းအချက် အလက်များကို တောင်းထားပြီး ၎င်းအချက်အလက်များနှင့် အလှူငွေ ရရှိမှုအပေါ် မူတည်ပြီး လှူဒါန်းသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခု ရေနစ်မြုပ်မှုတွင် ဧရာဝတီတိုင်းအီ အများဆုံးဖြစ်ပြီး ထိုအထဲတွင်မှ ပုသိမ်သည် ဆုံးရှုံးမှုပမာဏ များကာ ပဲခူးတိုင်းမှာမူ အနည်းအကျဉ်းသာရှိကြောင်း ဦးသောင်းဝင်း က ပြောသည်။

မျိုးစပါးအတွက် လှူဒါန်းလိုသူများသည်  မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်၊ စက်မှု/ကုန်သည်အသင်းချုပ် UMFCCI၊ ဖုန်း-(၀၁)၂၁၈၂၆၆၊ ၂၁၈၂၆၇၊ ၂၁၈၂၆၈၊ ဖက်စ်-(၀၁)၂၁၈၂၆၆ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates