Thursday, July 19, 2012

UNFC တပြေးညီမူ မချမှတ်နိုင်ခဲ့

ဟင်္သာနီ (မွန်မြေ) | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၉ မိနစ်

စံခလပူရီ (မဇ္ဈိမ)။   ။ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကချင် အပစ်ရပ်ရေးနှင့် အခြားအပစ်ရပ် အဖွဲ့များ၏ အခြေအနေများကို ပြန်လည် သုံးသပ်သည့် ခြောက်လပတ် ထိပ်သီး အစည်းအဝေး၌ တပြေးညီမူကို ချမှတ်နိုင်ခဲ့ခြင်း မရှိဟု UNFC ပြန်ကြာရေးရုံး အရာရှိမှ မဇ္ဈိမကို ပြောသည်။

“ပထမနေ့ ကတော့ ဟုတ်ပါတယ်။ တပြေးညီမူ ချမှတ်ဖို့ကို သဘောတူပြီး ဆက်လက် ဆွေးနွေးကြတာ၊ ဒုတိယနေ့မှာ အကျယ်တဝင့် ဆွေးနွေးတော့ မတူကွဲပြားတဲ့ အခြေအနေတွေမှာ ညှိလို့မရတဲ့ အနေအထားတွေ ရှိတော့ လက်ရှိ ပုံစံနဲ့ပဲ ဆက်လက် စောင့်ကြည့်သွားဖို့ ဆုံးဖြတ်ကြတယ်။ အပစ်ရပ်တယ် ဆိုတာကလည်း ရထားပြီး အဖွဲ့တွေတောင် အပစ်ရပ်ပြီး တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့တော့ အစိုးရနဲ့ အပစ်ရပ်ဖို့ ဆွေးနွေးရေးဆိုတာ ကျနော်တို့ဘက်က သံသယ
ဖြစ်စရာ ဖြစ်လာတယ်” ဟု UNFC ပြန်ကြာရေးရုံးမှ အရာရှိက မဇ္ဈိမအား ပြောသည်။

၂ဝ၁၂ ဇွန်လ ၁ဝ ရက်နေ့ နောက်ဆုံးထား ကချင်လွပ်လပ်ရေးအဖွဲ့ KIO အား အပစ်ရပ် ပေးရန် အစိုးရအား ရာဇသံ ပေးထားသည့် UNFC သင် ၎င်း၏ ကချင် အပစ်ရပ်ရေးနှင့် အခြားအပစ်ရပ် အဖွဲ့များ၏ အပစ်ရပ် အခြေအနေကို ပြန်လည် သုံးသပ်သည့် အဆိုပါ အစည်းအဝေးကို ဇူလိုင်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီး ဖြစ်သည့် UNFC ၏ အဖွဲ့ဝင် များ ဖြစ်ကြသော SSA–N နှင့် ၂၂ ကြိမ်၊ KNU နှင့် ၂ ကြိမ်၊ KNPP နှင့် ၁ ကြိမ် အစိုးရတပ်များနှင့် တိုက်ပွဲများ အသီးသီး ဖြစ်ပွားခဲ့ကြကြောင်း ၎င်းအစည်းအဝေး၌ တင်ပြ ဆွေးနွေးခဲ့ကြသည်။ အဆိုပါအချက်မှာ အဖွဲ့ဝင်များ အားလုံးအတွက် တပြေးညီမူ ချမှတ်ရန် အစည်းအဝေး၌ အဓိက အကြောင်းပြချက်တခု ဖြစ်ခဲ့သည်ဟု ဆိုသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အနေနှင့် UNFC နှင့် သီးခြား တွေ့ဆုံရန် မီးရထားဝန်ကြီး ဦးအောင်မင်း၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း၌ အဆိုပြုချက် ရှိသော်လည်း ကချင် အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းမှသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း ကနဦး သတင်းများ ထွက်ပေါ်ခဲ့သည်။ ယခု ကချင်ဘက်မှ စေ့စပ်ဆွေးနွေးရေးနှင့် အပစ်ရပ်ရေးအတွက် နှစ်ဖက်စလုံးမှ သဘောထား တင်းမာနေလျက်ရှိရာ ထိုတွေ့ဆုံမှုကိုလည်း နည်းလမ်းတမျိုးဖြင့် UNFC မှ အကောင်အထည် ဖော်သွားမည် ဖြစ်သည်။

“ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဆီကို သမ္မတ အကြံပေးက ချဉ်းကပ်ပြီး ပြောဆိုထားတာ ရှိပါတယ်။ ဒီလို တွေ့ဆုံနိုင်ဖို့ပေါ့လေ။ နောက် ကချင်နဲ့ UNFC အဖွဲ့ဝင် မဟုတ်တဲ့ အခြားတိုင်းရင်းသား အဖွဲ့တွေရော ပါဝင်ပြီး တွေ့ဆုံနိုင်ဖို့ ကျနော်တို့ဘက်က သမ္မတကြီးဆီကို သံတမန် တဦးဆီက တဆင့် စာပို့လိုက်ပါပြီ။ သမ္မတကြီး တွေ့ချင်တယ် ဆိုရင် ကျနော်တို့အဖွဲ့ဝင်တွေနဲ့ အခြား အဖွဲ့အစည်းတွေရော အားလုံးပေါင်း ၂ဝ လောက်ကို တွေ့နိုင်ဖို့ စီစဉ်ပေးမယ်ဆိုတဲ့ အကြောင်းပေါ့၊ အဲဒါ စာပို့ထားတာ ရှိပါတယ်” ဟု UNFC ပြန်ကြားရေး အရာရှိက မဇ္ဈိမကို ပြောသည်။

UNFC အနေနှင့် ၎င်းတို့၏ ယခု ၆ လပတ် ထိပ်သီး အစည်းအဝေးမှ ဆုံးဖြတ်ချက်များအရ ရှေ့ဆက် သဘောထား ရပ်တည်ချက် Road Map များနှင့် ပတ်သက်၍ ဤရက်သတ္တပတ် အတွင်း ထုတ်ပြန်ချက် ထုတ်ပြန်ဖွယ်ရှိကြောင်း ကိုလည်း အဆိုပါ အရာရှိမှ ပြောသည်။

“သမ္မတကြီး ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက် အပေါ်မှာ လုပ်တဲ့ လုပ်ရပ်တွေဟာ ယုံကြည်လို့မရဘူး။ အထူးသဖြင့် ကချင်မှာ စစ်ရေး တိုးမြှင့်ပြီးတော့ လုပ်နေတာ၊ ဒါဟာ မလုပ်သင့်ဘူး။ အဲဒါတွေ လုပ်နေတာ ငြိမ်းချမ်းရေး လိုချင်တဲ့ လက္ခဏာ မဟုတ်ဘူးလို့ ကျနော်တို့ မြင်တယ်။ အပစ်ရပ်တာပဲ ဖြစ်ဖြစ်၊ မပစ်မရပ်တာပဲ ဖြစ်ဖြစ် သတိထား ကြဖို့။ အစိုးရဘက်ကတော့ သူလုပ်ဆောင်စရာ ရှိတာကိုပဲ ဆက်လက် လုပ်ဆောင် သွားမယ်ဆိုတာ ထင်ရှားနေပါ တယ်” ဟု အစည်းအဝေးတွင် တက်ရောက် ခဲ့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က မဇ္ဈိမကို ပြောသည်။

ကရင့်အမျိုးသားအစည်းအရုံး KNU အနေနှင့်မူ လက်ရှိ ရရှိထားသော ပဏာမ အပစ်အခတ် ရပ်စဲရေးကို ပိုမို ခိုင်မာစေရန် ဆက်လက် ကြိုးပမ်းသွားမည့် သဘောထား ရှိပြီး အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် မကြာမီ ရက်ပိုင်းအတွင်း ခရီးစဉ် စတင်မည်ဟု ဆိုသည်။

တပြေးညီမူ ချမှတ် နိုင်ရေးနှင့် ပတ်သက်၍မူ နိုင်ငံရေး ဆွေးနွေးပွဲများ အဆင့်၌ အဖွဲ့အစည်းများ အားလုံး တပြေးညီမူ လိုအပ်မည် ဖြစ်ပြီး ပြန်လည်စဉ်းစား ချမှတ်ဖွယ် ရှိကြောင်း သိရှိရသည်။ 

အစိုးရမှ တိုင်းရင်းသား တဖွဲ့ချင်းအပေါ်တွင် မညီမျှသော သဘောထားကို ထားရှိနေသည့် အတွက်လည်း တပြည်လုံး အတိုင်းအတာ ဆောင်သော အပစ်အခတ် ရပ်စဲရေးမျိုး ဖြစ်ပေါ် လာရန်မှာ ခက်ခဲနေသေးကြောင်း အဆိုပါ အစည်းဝေးမှ သုံးသပ်ထားသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ကို ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများ ညီလာခံတွင် ဖွဲ စည်းခဲ့ခြင်းဖြစ်သည်။

ယခု အစည်းအဝေးသို့ UNFC ၏ အဖွဲ့ဝင် ၁၁ ဖွဲ့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် စစ်ဦးစီးမှူးများ ပါဝင်သော ထိပ်သီးခေါင်းဆောင်များ တက်ရောက် ခဲ့ကြပြီး KIO မှ တက်ရောက်သူ ကိုယ်စားလှယ် အများဆုံး ဖြစ်၍ ၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates