Tuesday, July 17, 2012

ဒုက္ခသည်များကို ဖမ်းဆီးခြင်းကြောင့် ဆွေးနွေးမှု ထိခိုက်နိုင်ဟု KIO ပြော

ဖနိဒါ | အင်္ဂါနေ့၊ ဇူလိုင်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၀ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်စစ်ပြေးဒုက္ခသည်များကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေခြင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များအား ထိခိုက်စေနိုင်သည် ဟု KIO က ပြောဆိုလိုက်သည်။

“မြို့ပေါ်ဆွေးနွေးဖို့ ခေါ်တဲ့အခါ မသွားတဲ့ကိစ္စက ဒီအချက်တွေလည်း ပါတယ်။ အခု လူထု တော်တော်များများဟာ အစိုးရကနေ ဖမ်းဆီးနှိပ်စက်တဲ့ ဒုက္ခခံရတာမျိုး၊ လူစဉ်မမီအောင် နှိပ်စက်တာမျိုး လုပ်နေကြတယ်။ ဒီလို အချိန်မှာ ကျနော်တို့က သက်တောင့်သက်သာနဲ့ ဗန်းမော်မှာ၊ မူဆယ်ဘက်မှာ သွားပြီးတော့ ဆွေးနွေးမယ်ဆိုတာက လူထု အမြင်မှာ မရှင်းလင်းဘူး။ ဒီလို ဆက်လုပ်နေတယ်ဆိုရင်တော့ သူတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတာ အများကြီး ထိခိုက်မှု ဖြစ်ပွားမှာပဲ” ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန် က မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့ ရွှေစက်ကျေးရွာ နှစ်ခြင်းအသင်းတော်ဘုရားကျောင်း ဒုက္ခသည်စခန်းမှ ကချင်အမျိုးသား ဦးဘရန်ယုံ၊ ဦးလဖိုင်ဂမ်၊ တာလောကြီးကျေးရွာမှ ဦးဇော်ဘောမ်နှင့် ဦးဇခုန်လရိန်တို့ လေးဦးကို KIO နှင့်ပတ်သက်သူများ ဖြစ်သည်ဟု ဆိုကာ ဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်နေသည်ဟု သူတို့အမှုကိုလိုက်ပါ ကူညီပေးနေသည့် ရှေ့နေ ဦးမာခါးက ပြောသည်။

ဇွန်လ ၁၅ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၃၇ တပ်ဖွဲ့များက ယင်းတို့ လေးဦးကို ဖမ်းဆီးခဲ့ပြီး စရဖသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် လက်ရှိ မြစ်ကြီးနားထောင်ကြီးတွင် ရမန်ယူနေသည်ဟု ဆိုသည်။

ထို့ပြင် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက် ဒုက္ခသည်စခန်းမှ စစ်ပြေးဒုက္ခသည် ဦးဘရန်ရှောင် ကိုလည်း KIO တပ်ကြပ်ကြီးအဆင့်ဟု စွပ်စွဲဖမ်းဆီးကာ နှိပ်စက်ညှဉ်းပမ်းမှုများ ပြုလုပ်နေသည်။ သို့သော် ဦးဘရန်ရှောင်မှာ KIO နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်းနှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့-စရဖ လုပ်ဆောင်နေခြင်းမှာ အစိုးရ၏ အကွက်ဆင် လုပ်ရပ်ဖြစ်ကြောင်း ဦးလနန်က စွတ်စွဲ ပြောဆိုလိုက်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဦးဘရန်ရှောင်မှာ KIA ဝန်ထမ်းဖြစ်ပြီး ကိုယ်ပိုင်နံပါတ် ၁၈,၅၅၅ ဖြစ်သည်ဟု တရားလို ဘက်မှ ထွက်ဆိုထားချက်သည် လုပ်ကြံပြောဆိုခြင်း ဖြစ်ပြီး လက်ရှိ KIO ၏ အဆိုပါ ကိုယ်ပိုင်နံပါတ်ရှိသူများသည် အသက်အားဖြင့် ၆ဝ နှစ်ကျော် ရှိသည့် ပုဂ္ဂိုလ်များသာ ဖြစ်သည်ဟု ဦးလနန် က ဆိုသည်။

“ဦးဘရန်ရှောင်ဟာ KIO နဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိဘူး။ ကိုယ်ပိုင်နံပါတ် တသောင်းကျော်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အသက်ရှင်မယ်ဆိုရင် အခုချိန်မှာ အသက် ၆ဝ ကျော် ၇ဝ ကျော်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ။ အခုအချိန်မှာ ကျနော်တို့ ကိုယ်ပိုင်နံပါတ်တွေက တသောင်းကျော် မကတော့ပါဘူးခင်ဗျာ” ဟု ပြောသည်။

ထို့ပြင် ယခုကဲ့သို့ ဖမ်းဆီးခံထားရသော စစ်ပြေးဒုက္ခသည်များအား တရားရုံးတွင် လိမ်လည်၍ ထွက်ဆိုခိုင်းခြင်းမှာ အစိုးရအနေဖြင့် ဒုက္ခသည်များအား စေတနာရှင် လူမှုအသင်းအဖွဲ့များ၊ နိုင်ငံတကာက ကူညီထောက်ပံ့မှု မပေးစေရန် ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောဆိုလိုက်သည်။

“အစိုးရ ရည်မှန်းချက်က ကချင်ဒုက္ခသည်တွေကို လူမှုအသင်းအဖွဲ့၊ စေတနာရှင်တွေ မရှိအောင်လုပ်တဲ့ ကိစ္စပဲ။ အမှန်တကယ် ကျနော်တို့ KIO ဝန်ထမ်းတွေ အဲဒီစခန်းတွေမှာ သွားနေဝံ့မှာ မဟုတ်ဘူး။ မရှိတဲ့ဟာကို အဲဒီလို လုပ်တယ်ဆိုတော့ ဒုက္ခသည်တွေကို အကူအညီ မပေးအောင် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာပဲ” ဟု မဇ္စျိမကို ပြော သည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍လည်း ဇူလိုင်လ ၁ ရက်မှ ၁၆ ရက်နေ့ထိ တိုက်ပွဲအကြိမ် ၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု ဦးလနန်က ပြောသည်။

ဇွန်လ ၂ဝ ရက်နေ့က တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် နောက်ဆုံး တွေ့ဆုံခဲ့၍ အစိုးရဘက်မှ တပ်ရုပ်သိမ်းပေးရေးအတွက် နှစ်ဖက် စစ်ဖက်ဆိုင်ရာ အရာရှိများ ထပ်မံ ဆွေးနွေးရန် သဘောတူခဲ့သော်လည်း ယနေ့ထိ တွေ့ဆုံမည့် နေရာ ညှိနိုင်းနေဆဲ ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates