Monday, July 16, 2012

အမေရိကန်၏ ထုတ်ဖော်ချက်များ လုံလောက်မှု မရှိသေးဟု ERI ဆို

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၀၉ မိနစ်

မဇ္ဈိမ သတင်းဌာန ။         ။ အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာ အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တွင် ယခုအခါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ပြီဟု အမေရိကန် အစိုးရက ကြေညာခဲ့စဉ်တွင် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် EarthRights International (ERI) က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် တိုင်းရင်းသားလူနည်းစု ဒေသများရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ခြစားမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများနှင့် အတင်းအကြပ် ပြောင်းရွှေ့ခိုင်းမှုများနှင့် ဆက်စပ်လျက် ရှိနေဆဲပင်ဖြစ်ကြောင်း ထောက်ပြ ပြောဆိုလိုက်သည်။



ERI အနေဖြင့် ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း အမေရိကန် အစိုးရ အနေဖြင့် ကုမ္ပဏီများအား စစ်ဘက်နှင့် စီးပွါးရေး လုပ်ငန်းများ မလုပ်ဆောင်ရန် တားမြစ်ခဲ့သည့် ဆောင်ရွက်ချက် အပါအဝင် ERI က အလိုရှိသော ဆောင် ရွက်ချက် အချို့ကို လုပ်ဆောင်ခဲ့ခြင်းကြောင့် အမေရိကန် အစိုးရအား ချီးကျူးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ခြစားမှုများ၊ စစ်အစိုးရအား ဝင်ငွေရရှိစေမှုများ၊ မြေသိမ်းမှုများ၊ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သတ်နေသည့် လိုအပ်နေဆဲအချက်များ အကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း များအားလည်း ထောက်ခံခဲ့သည်။

သို့ရာတွင် အမေရိကန်၏ ထုတ်ဖော်ချက်များသည် မလုံလောက်သေးကြောင်း ERI က ဆိုသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေထဲမှာ ပါဝင်မိသလို ဖြစ်သွားနိုင်တဲ့ အခြေအနေတွေ၊ မြန်မာ စစ်ဘက်ကို ထောက်ပံ့လိုက်သလို ဖြစ်သွားမှာတွေ ဒါမျိုးကိစ္စတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ သေချာစဉ်းစားဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” ဟု ERI ၏ အမှုဆောင် ဒါရိုက်တာ Ka Hsaw Wa က ဆိုသည်။

“ထိုနည်းတူစွာပဲ အထွေထွေလိုင်စင် ချပေးနိုင်ဖို့ လိုအပ်တဲ့ ဆောင်ရွက်ချက်တွေ အကျိုးသက်ရောက်မှု ရှိဖို့အတွက် အမေရိကန် အစိုးရဟာ စုံစမ်းစစ်ဆေးမှုတွေကို စေ့စေ့စပ်စပ် လုပ်ဖို့နဲ့ စည်းမျဉ်းတွေ ကို လေးစားလိုက်နာလာကြအောင် ဆောင်ရွက်ဖို့ ဆန္ဒရှိရမယ့်အပြင် ဥရောပက ပူးပေါင်းဆောင်ရွက်သူတွေ၊ မဟာမိတ် အန်ဂျီအိုတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်သလို ကုမ္ပဏီတွေ ကိုယ်တိုင်ကလည်း ကောင်းမွန်တဲ့ အလေ့အထတွေကို တိုးမြှင့်ကျင့်သုံးနိုင်ဖို့နဲ့ အသုံးဝင်မယ့် သတင်းအချက်အလက် ထုတ်ပြန်မှုတွေ တိုးတက်လာစေဖို့ ဆောင်ရွက်သင့်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ ဒေသခံ ပြည်သူများ အနေဖြင့် ကုမ္ပဏီများနှင့် အစိုးရအား ပိုမို တာဝန်ခံမှု ရှိလာစေရန် လုပ်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေနိုင်ရန် အတွက် အထွေထွေ လိုင်စင်များနှင့် ပတ်သတ်၍ ပိုမိုသိရှိ နားလည်လာရန် လိုအပ်သောကြောင့် ထိုသို့သိရှိလာစေရန် ERI အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများ၊ အသိုင်းအဝိုင်းများနှင့် အတူတကွ လုပ်ဆောင်မည် ဖြစ်ကြောင်းကိုလည်း ပြောဆိုသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates