Thursday, July 19, 2012

ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် အမေရိကန်ကို ဒေါ်စုပြော

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၁ နာရီ ၅၇ မိနစ်

အမေရိကန်က ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးပါရန်နှင့် ထိုသို့ ဖယ်ရှား ရုတ်သိမ်းပေးခြင်းဖြင့် မြန်မာပြည်သူများအတွက် အကျိုးရှိစေလိမ့်မည်ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် လွှတ်တော်မှ သြဇာရှိသောအမတ် တဦးဖြစ်သည့် မစ်ခ်ျမက်ကော်နယ် အား တနင်္လာနေ့ ညက တယ်လီဖုန်းဖြင့် ပြောကြားလိုက်သည်။

အမေရိကန်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇန်နဝါရီလက တွေ့ဆုံစဉ်။ ဓါတ်ပုံ - မဇ္ဈိမ

ထိုသို့ ပြောဆိုရာ၌ ဒေါ်အောင်ဆန်းစုကြည်က အချက် ၃ ချက်ကို အဓိကထား ပြောဆိုခဲ့ကြောင်း ယင်းတို့မှာ မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေးကို သံအမတ်ကြီး အဆင့်ဖြင့် အမြင့်ဆုံး ပြန်လည် ဆက်သွယ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဒီမိုကရေစီ အပြောင်းအလဲများ အရှိန်အဟုန် ရလာနေပြီး ပြည်သူများ၏ စားဝတ်နေရေး တိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန်တို့ ဖြစ်ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အင်္ဂါနေ့က ပြောဆိုခဲ့သည်။

သူ ပထမအကြိမ် အကျယ်ချုပ် ကျခံနေရစဉ်ကပင် အထက်လွှတ်တော်အမတ် မက်ကော်နယ်နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဆက်အသွယ်ရှိခဲ့ပြီး သူတို့ကြား ဆက်ဆံရေးမှာ ရှည်ကြာခဲ့ပြီ ဖြစ်သည်။ ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ် က ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး ပြန်လည်တွေ့ဆုံခွင့်ရခဲ့ရာ စိတ်ထိခိုက် ခံစားနေရကြောင်း သိသိသာသာ ပေါ်လွင်နေခဲ့သည်။ အမေရိကန်၏ ပိတ်ဆို့အရေး ယူမှုများကို ရုတ်သိမ်းသင့်/မသင့်မှာ ဒေါ်အောင်ဆန်း စုကြည်၏ အမြင်သည် အခရာကျသည်ဟု သူက ပြောဆိုခဲ့သည်။

အမေရိကန်သည် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် ပိတ်ဆို့အရေးယူမှုများကို ဂျူလိုင်လ အတွင်း ပြန်လည် ရုတ်သိမ်းခဲ့သော်လည်း ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများကို ဆက်လက် ထားရှိဆဲဖြစ်သည်။ မကြာခင် သက်တမ်းကုန်တော့မည့် `မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ-၂၀၀၃ ခုနှစ်´ ကို ထပ်မံ သက်တမ်းတိုးရန် အမေရိကန် ဥပဒေပြု အမတ်များက ပြင်ဆင်နေသည်။ ထိုဥပဒေကို ဆက်လက်ထားရှိခြင်းဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံကို ဖိအားပေးနိုင်သည်ဟု အချို့ ဥပဒေပြု အမတ်များက ပြောဆိုကြသည်။

“ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းတာဟာ သင့်မြတ်လျော်ကန်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
ပြောဆိုချက် ဟာ ကျနော်အပါအ၀င် အမေရိကန် အစိုးရအဖွဲ့ဝင်များ အပေါ်မှာ သြဇာသက်ရောက်မှု အများကြီး ရှိပါတယ်။ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဘယ်လောက် အောင်မြင် ထိရောက်တယ် ဆိုတဲ့အပေါ် သူရဲ့အမြင်ဟာ အမေရိကန်နိုင်ငံက ဒီပိတ်ဆို့ အရေးယူမှုတွေ ရုတ်သိမ်းသင့်/မသင့် ဆုံးဖြတ်ရာမှာ အလွန်အမင်း အရေးပါမှာ ဖြစ်ပါတယ်” ဟု သူက ဇန်န၀ါရီလ အတွင်း ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံအပြီး ပြောကြားခဲ့သည်။

ယခင် ရက်သတ္တပတ်က အမေရိကန် စီးပွါးရေးနှင့် လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန လက်ထောက်ဝန်ကြီး
ရောဘတ်ဟောမက် နှင့် တွေ့ဆုံခဲ့စဉ်က ပိတ်ဆို့အရေးယူမှုများကို ထပ်မံ သက်တမ်းမတိုးပါရန်
အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက မေတ္တာရပ်ခံ ပြောကြားခဲ့သည်။

အမေရိကန်က ယာယီ ရပ်ဆိုင်းထားလိုက်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများမှာ အမေရိကန် စီးပွါးရေး လုပ်ငန်းများကိုသာ တဘက်သတ် အကျိုးရှိစေပြီး မြန်မာပြည်သားများနှင့် တိုင်းရင်းသား ပြည်သူများ အတွက်လည်း ထည့်သွင်းစဉ်းစားပါရန် သူက အမေရိကန် လက်ထောက်ဝန်ကြီးကို ပြောဆိုခဲ့သည်။

အတ္တလန္တိတ်ကောင်စီမှ ချီးမြှင့်ပေးအပ်မည့် ကမ္ဘာ့နိုင်ငံသားဆုကို စက်တင်ဘာ ၂၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် လာရောက် လက်ခံရယူမည့် သတင်းကိုလည်း အမေရိကန် အရာရှိများက ထိုအတောအတွင်း တုံ့ပြန်ပြောကြားခဲ့ သည်။ ဒေါ်အောင်ဆန်း စုကြည်ကို အဆိုပါ ခရီးစဉ်အတွင်း အမေရိကန် အစိုးရက ဆွေးနွေးမှုများ ပြုလုပ်ရန် ဖိတ်ကြား သွားမည် ဖြစ်သည်ဟု သူတို့က ပြောကြားခဲ့သည်။ သို့သော် အသေးစိတ် အစီအစဉ်များကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါ။

“အမေရိကန် နိုင်ငံခြားရေးဌာနက ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာကို ကြိုဆိုနိုင်မယ့် သင့်တော်တဲ့ နေ့ရက် တရက်ကို ကျနော်တို့ မျှော်လင့် စောင့်စားနေပါတယ်။ နှစ်ဘက် အကျိုးတူ ဆွေးနွေးပွဲများ အမေရိကန်နိုင်ငံအတွင်း သူနဲ့ပြုလုပ်နိုင်မယ့် အချိန်ကိုလည်း
မျှော်လင့်နေပါတယ်” ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပက်ထရစ်ဗန်ထရဲလ် က သတင်းထောက်များကို ၀ါရှင်တန်မြို့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ၁၅ နှစ်ကြာ ထားရှိခဲ့သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ထားမှုများကို လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက အမေရိကန်က ယာယီရပ်ဆိုင်းပေးခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates