Monday, July 23, 2012

ကိုယ်ပိုင်ကျောင်းများ စစ်ဆေးမှု ဇူလိုင်တွင် ပြီးစီးမည်

ရတနာဦး | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၅၂ မိနစ်   

ဇူလိုင် (မဇ္ဈိမ)။   ။ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ဆရာလျှောက်ထားမှုများအား ဇူလိုင်လကုန်ပိုင်းအတွင်း အပြီးစစ်ဆေးကာ ဖွင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန ၀န်ကြီးဒေါက်တာမြင့်သိန်း က ပြောသည်။

ပုဂ္ဂလိကကျောင်း ၅၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လျှောက်ထားသူ ၉၀၀ ကျော်အား စစ်ဆေးကာ ခွင့်ပြုသွားမှာ ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်ကျောင်းလျှောက်ထားသူတွေနဲ့ ကျောင်းဆရာတွေကို အခုလက်ရှိမှာ သက်ဆိုင်ရာဌာနတွေက လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် ဇူလိုင်လကုန်ပိုင်းမှာ အပြီးစစ်ဆေးပြီး ဖွင့်ခွင့်ပြုသွားမှာပါ” ဟု ၀န်ကြီး က ပြောသည်။  

ကိုယ်ပိုင်ကျောင်းများကို လိုက်လံစစ်ဆေးသည့်အခါ ကျောင်းတကျောင်းတွင် ရှိသင့်သည့် အကျယ်အ၀န်းနှင့် multimedia Room (ရုပ်၊သံစုံ သင်ကြားရေးခန်းမ)စသည့် အင်္ဂါရပ်များဖြင့် ပြည့်စုံမှ ဖွင့်ခွင့်ပြုသွားမည် ဖြစ်သည်ဟု ဆိုသည်။

ထိုကျောင်းတွင် ဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားကြသူများ အနေဖြင့်လည်း Phd, MSc ဘွဲ့ရနှင့် စာသင်လုပ်သက်ရှိသူ ဆရာ/ဆရာမများကိုသာ ခန့်အပ်ခွင့် ပြုသွားမည် ဖြစ်ပြီး လုပ်သက်နုသော ဆရာ/ဆရာများကိုမူ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော ဆရာအတတ်သင် ကျောင်းတွင် သင်တန်းဆင်းပြီးရန် လိုဟုဆိုသည်။

ယခင်နှစ်က ရှေ့ပြေးအဖြစ် ခွင့်ပြုခဲ့သည့် ကျောင်း ၁၀ ကျောင်းကို ဇွန်လက ဖွင့်ခွင့် ပြုခဲ့သည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေများနှင့်အညီ မေလ နှောင်းပိုင်းမှ စတင်ကာ ဇွန်လ ၁၂ ရက်နေ့ထိ သက်ဆိုင်ရာ ပြည်နယ်/တိုင်းနှင့်မြို့နယ် ပညာရေးမှူးရုံးသို့ တိုက်ရိုက် လျှောက်ထားခွင့် ပြုခဲ့သည်။

အဆိုပါ ကိုယ်ပိုင်ကျောင်းများအတွက် သင်ရိုးညွှန်းတန်းမှာ အစိုးရ ပညာရေးဝန်ကြီးဌာနမှ
ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်ပြီး အစိုးရ ကြီးမှူးစစ်ဆေးသော စာမေးပွဲများကိုသာ
ဖြေဆိုခွင့်ပြုမည်ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates