Friday, July 13, 2012

ရန်ကုန်ရှိ တန်ဖိုးကြီး အိမ်ခြံမြေတို့ အရောင်းအဝယ် တုန့်ဆိုင်း

ညီသစ် | သောကြာနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့ ဗဟန်း၊ ရန်ကင်း၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ မြို့နယ်များရှိ ကျပ်သိန်း ၅၀၀၀ နှင့်အထက် တန်ဖိုးကြီး အိမ်ခြံမြေများ အရောင်းအဝယ် တုန့်ဆိုင်းလျက်ရှိသည်ဟု ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် တဦးက ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှ မတ်လ ဒုတိယပတ်အထိ ထိုတန်ဖိုးကြီး အိမ်ယာများ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအချိန် တွင် ရပ်တန့်လျက်ရှိသည်ဟု အထက်ပါ အိမ်ခြံမြေ အကျိုးဆောင်က ပြောသည်။

"အခု အိမ်ခြံမြေ အခွန်နှုန်းကို ၁၅ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းအထိ တိုးမယ်လို့လည်း အသံကြားနေရပြန်တယ်။ အိမ်ခြံမြေ ကို ထိန်းမယ်ဆိုရင် ဒီလိုနည်းနဲ့ လုပ်ရင်လုပ်မှာ။ အခွန်များတိုးမလားဆိုပြီး စောင့်ကြည့်နေကြလို့ အရောင်းအဝယ်တွေလည်း တန့်နေတယ်။" ဟု မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ်မှစ၍ သက်တမ်းတိုးမြှင့်ကြရသည့် အိမ်ခြံမြေအခွန်နှုန်းထားများမှာ တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းကို ဝယ်သူက ပေးဆောင်ရပြီး သြဂုတ်လ ၁၂က်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာနက သက်တမ်းထပ်မံ တိုးပေးရမည်ဖြစ်သည်။

အိမ်ခြံမြေ အရောင်းအဝယ် ရပ်နေရခြင်းနှင့် ပတ်သက်၍ အခြား အကျိုးဆောင်တဦးကလည်း “ရပ်တန့်တယ်ဆိုတာ ကားအရောင်းအဝယ်နဲ့လည်း ဆိုင်မယ်။ ကားပါမစ်ကို လွတ်လွတ်လပ်လပ် လုပ်လိုက်တော့ အဲဒီဘက်မှာ သုံးတဲ့သူတွေ များပြီး ဒီဘက်ကို ဝင်လာတဲ့သူနည်းသွားတယ်။
နောက်တခုက ကားလိုပဲ အိမ်ခြံမြေဈေးကွက် ကိုလည်း ဒီလိုလုပ်ရင် မလွယ်ဘူးဆိုပြီး ဈေးကွက်ထဲမှာ ရင်းနှီးဖို့လုပ်တဲ့သူတွေ စောင့်ကုန်တာ လည်းပါတယ်။”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မှ အိမ်ခြံမြေ အကျိုးဆောင်တဦးက ဆိုသည်။

ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း အစရှိသည့် လမ်းမတန်းနေရာများတွင် ရှိသည့် မြေဈေးနှုန်းသည် တစ်စတုရန်းပေ လျှင် ကျပ် ၁ဝ သိန်းကျော်ခန့်အထိ ပေါက်လျက်ရှိသည်။ လမ်းသွယ်များရောက်လျှင်မူ
ဈေးနှုန်းမှာ ၇၅ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းကျော်အထိ လျော့ကျသွားလေ့ရှိသည်။

သို့ရာတွင် ထိုဈေးနှုန်းများသည် စီးပွားရေး ဧရိယာဖြစ်သော ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ
ကျောက်တံတားမြို့နယ် အတွင်းမှ ဈေးနှုန်းကိုမူ မမီသေးပေ။ ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းမတန်း နေရာများဖြစ်သည့် အနော်ရထာ လမ်း၊ မဟာဗန္ဗုလလမ်း အစရှိသည့် လမ်းမကျယ်များ၏ မြေဈေးနှုန်းသည် တစ်စတုရန်းပေးလျှင် ကျပ် ၁၂သိန်းမှ ၁၅သိန်းခန့်အထိ ဈေးပေါက်ခဲ့သည်။

၂ဝ၁၁ခုနှစ်သည် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက် အကောင်းဆုံးဖြစ်ခဲ့သော နှစ်တနှစ်ဖြစ်ခဲ့ပြီး အရောင်းအဝယ် ပမာဏ သာမက ဈေးနှုန်းများလည်း ထိပ်ဆုံး ရောက်ခဲ့သော ကာလလည်းဖြစ်သည်။ ယခုကာလတွင်မူ “ရောင်းမယ့် သူတွေကလည်း စောင့်ကြည့်နေသလို ဝယ်မယ့်သူတွေကလည်း အခြေအနေကို စောင့်တဲ့ကာလဖြစ်နေတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်က ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာမည့် မျှော်လင့်ချက်များဖြင့် စက်မှုဇုန်မြေကွက်များကို စိတ်ဝင်စားသူများမှာ လည်း ယခုတိုင် ထင်ရှားသည့် ပြည်ပ ရင်းနှီးမြှပ်နှံမှုများကို မတွေ့ရသေးသဖြင့် ထိုဈေးကွက်လည်း လတ်တလော အရောင်းအဝယ် အေးစက်နေသည်။

အစိုးရ၏ မူဝါဒများ အကြိမ်ကြိမ် ပြောင်းလဲမှုများကြောင့်လည်း အိမ်ခြံမြေဈေးကွက်ကို မည်သို့ ထိန်းချုပ်ဆောင်ရွက် မည်ကို စောင့်ကြည့်ရဦးမည်ဟုလည်း စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates