Tuesday, July 24, 2012

ဒုက္ခသည်များကို တလအတွင်း ပြောင်းရွှေ့ရန် တရုတ်အစိုးရ ပြော

ဖနိဒါ | အင်္ဂါနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၂ မိနစ်   

ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်နိုင်ငံ၊ နောင်တောင်း ခရိုင်၊ ရွှေလီမြို့နယ်အတွင်း ခိုလှုံနေသော ကချင် စစ်ပြေးဒုက္ခသည် ၄,ဝဝဝ ကျော်အား တလအတွင်း ပြောင်းရွှေ့ပေးရန် တရုတ်အစိုးရက ပြောဆိုခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

ဇူလိုင်လ ၂ဝ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ယူနန်ပြည်နယ် ရွှေ့လီမြို့နယ် အာဏာပိုင်များက KIO တပ်မဟာ ၃ မှ အရာရှိများကို ခေါ်ယူ၍ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး တလအတွင်း ပြောင်းရွှေ့
ပေးမည်ဟု ပြန်လည် ပြောဆိုခဲ့၍ သြဂုတ်လ အတွင်း အပြီး ပြောင်းရွှေ့ရမည် ဖြစ်သည်။

“ဒုက္ခသည်တွေကို တလအတွင်း ပြောင်းရွှေ့ပးဖို့ တရုတ်က ပြောလာတယ်။ ကျနော်တို့လည်း စိုးရိမ်နေရတယ်။ မိုးတွင်းမှာ သိပ်အခက်အခဲ ရှိနေတဲ့အချိန် ပြောင်းရွှေ့ရမယ်ဆိုတော့ စိတ်မကောင်းဘူး။ ရွှေလီ တရုတ် အစိုးရက ကျနော်တို့ လူကြီးတွေကို ခေါ်ပြီး ပြောတာ နှစ်ကြိမ်ရှိပြီ။  ဒီတခေါက် ပြန်တွေ့တော့ တလအတွင်း ပြောင်းရွှေ့မယ်လို့ ပြောခဲ့တယ်” ဟု မဇ္စျိမကို ပြောသည်။

တရုတ်အာဏာပိုင်များက မည်သည့် အကြောင်းပြချက်မျှ မပေးသော်လည်း ၎င်းတို့ နယ်မြေတွင် ဒုက္ခသည်များ ခိုလှုံနေမှု မလိုလားခြင်းဖြစ်မည်ဟု ယူဆပြီး ဒုက္ခသည်များလည်း နေရပ်ပြန်ရမည်ကို စိုးရိမ် ပူပန်နေကြသည်ဟု သူက ဆိုသည်။

နောင်တောင်းခရိုင်အတွင်း ဒုက္ခသည်စခန်း ၆ ခုရှိပြီး ဦးရေ စုစုပေါင်း ၄,ဝဝဝ ကျော် ခိုလှုံနေသည်ဟု ဦးဒွဲပီဆား က ဆိုသည်။ အများစုမှာ ဗန်မော်ခရိုင်၊ မန်စီမြို့နယ်၊ မန်ဝင်းကြီးမှ လာရောက်ခိုလှုံနေခြင်း
ဖြစ်သည်ဟု သိရသည်။

KIA တပ်မဟာ (၃) နယ်မြေ လနာ့ဇွပ် (Lana Zup) သို့ ပြောင်းရွှေ့မည်ဟု စီစဉ်ထားသော်လည်း ဒုက္ခသည်များကမူ ၎င်းတို့၏ ကျေးရွာနှင့် အလှမ်းဝေးသွားသဖြင့် လက်ရှိနေရာ ခိုလှုံခွင့်မရှိပါက ယခင် မူရင်း မန်ဝင်းကြီးဘက် ပြောင်းရွှေ့ မည်ဟု ပြောဆိုနေကြသည်။

ပြောင်းရွှေ့ရမည်ဟု သတင်းကို KIO ဘက်မှ တရားဝင်ပြောဆိုလာခြင်း မရှိသေးသော်လည်း
ပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ်နေသဖြင့် ဒုက္ခသည်များက စိုးရိမ်နေကြခြင်း ဖြစ်သည်။

ဒုက္ခသည်စခန်းတွင် မူလတန်းကျောင်း ဖွင့်လှစ်ထားသဖြင့် ကလေးများ၏ ပညာရေး ထိခိုက်မည် စိုးရိမ်ကြောင်း နောင်တောင်း ဒုက္ခသည်များ ကူညီရေးကော်မတီမှ တာဝန်ခံ ဆရာခွန်းထွန်း က ပြောသည်။ စခန်းအတွင်း ကျောင်းသားပေါင်း ၈၆၈ ဦးရှိသည်ဟု ဆိုသည်။

“ကျောင်းဖွင့်တဲ့ အချိန်ဖြစ်တယ်။ မနှစ်တုန်းကလည်း ကျောင်းသားတွေ ပညာရေး ကောင်းကောင်း မသင်ရဘူး။ ဒီနှစ် ပြန်ပြောင်းမယ်ဆိုရင် ကလေးတွေရဲ့ ပညာရေး နစ်နာဆုံးရှုံးမှာ စိုးရိမ်တယ်။ နံပတ်နှစ်က မိုးတွင်း ဖြစ်လို့၊ သုံးက ဒီမှာရှိတဲ့ ဒုက္ခသည်တချို့က ဒီစခန်းကနေ ကိုယ့်အိမ်မှာ သွားပြီး သူတို့ရဲ့တိရိစ္ဆာန်တွေကို မကြာခဏ သွားကြည့်လို့ ရတယ်။ ခု အဲဒီနေရာကို ပြောင်းလိုက်မယ်ဆိုရင် ဒီထက် ပိုဝေးသွားမယ်။ သွားရေးလာရေးလည်း ပိုခက်ခဲလာမယ်” ဟု မဇ္စျိမကို ပြောသည်။

ယခုနှစ်အတွက် လုံခြုံစိတ်ချရပြီဟုဆိုကာ ကလေးများ၏ ကျောင်းများ တည်ဆောက်ခဲ့သဖြင့် အမှန်တကယ် ပြောင်းရွှေ့မည်ဆိုပါက ယင်းတို့ နေအိမ်နှင့် ကျောင်းများ ပြန်လည် တည်ဆောက်ရန် ခက်ခဲမည် ဖြစ်သည်ဟု ဆိုသည်။

ယခုလဆန်းပိုင်းကလည်း တရုတ်အစိုးရက နောင်တောင်းခရိုင် ဒုက္ခသည်စခန်း ယန်လုနှင့်လော့ဖိုင်စခန်းနှစ်ခုမှ ဒုက္ခသည် များကိုလည်း ပြောင်းရွှေ့ရန် ပြောဆိုခဲ့သည်။ တရုတ်အစိုးရအာဏာပိုင်များနှင့် KIO တို့ ညှိနိုင်းခဲ့၍ ပြန်လည် နေထိုင်ခွင့် ပြုခဲ့သည်။

ဇွန်လ ၂၆ ရက်နေ့က ယူနန်ပြည်နယ်တွင်းသို့ ကချင်ဒုက္ခသည် ၁,ဝဝဝ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့သော်လည်း တရုတ်အစိုးရက လက်မခံဘဲ ပြန်လည် စေလွှတ်နေသည်ဟု ရေးသားထားသည့် “ယူနန်ပြည်နယ်မှာ အထီးကျန်” Isolated in Yunnan အမည် အစီရင်ခံစာတစောင်ကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်သို့ ခိုလှုံနေသော မြန်မာနိုင်ငံသားများကို အကူအညီပေးနေပြီး အဓမ္မပြန်လွှတ်ပေးခြင်း မရှိဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ဇွန်လ ၂၇ ရက်နေ့တွင် တုံ့ပြန် ပြောဆိုခဲ့သည်။

KIO နှင့် အစိုးရတို့အကြား ၂ဝ၁၁ ခုနှစ်၊ ဇွန်လမှစတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်စွန့်ခွာ၍ KIO ထိန်းချုပ်နယ်မြေအတွင်း ခိုလှုံနေသောသူ ၅၃,ဝဝဝ ကျော်ရှိပြီး မြို့ပေါ်တွင် ၂၆,ဝဝဝ ကျော်ရှိသဖြင့် စုစုပေါင်း ဦးရေ ၇၉,ဝဝဝ ရှိသည်ဟု ဦးဒွဲပီဆားက ပြောသည်။

အလားတူ တရုတ်နိုင်ငံ ထိန်ချုံး ခရိုင်အတွင်းရှိ ဒင်ထန်ဒေသတွင် ခိုလှုံနေသော ပန်ဝါမြို့နယ်အတွင်းရှိ လီဆူကျေးရွာ ၁၇ ရွာမှ စစ်ပြေးဒုက္ခသည် ၂,ဝဝဝ  ဒုက္ခသည်များကို ဇူလိုင်လ ၂၂ ရက်နေ့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန်ယိန်းက အစည်းအဝေးခေါ်၍ ပန်ဝါဘက်သို့ အမြန်ပြောင်းရွှေ့ခဲ့ကြရန် ပြောဆိုခဲ့သည်ဟု သိရသည်။

“သူက အစည်းအဝေး ခေါ်ပြီးတော့ ပန်ဝါကို ပြောင်းဖို့ ပြောတယ်။ ဒီနေ့ ပြောင်းရမယ်။ ပန်ဝါကို ပြောင်းရင် တရုတ်အစိုးရက ကူညီမယ်လို့ ပြောတယ်။ ကျနော်တို့ သွားကူညီတာ မကြိုက်လို့ ပြောင်းဖို့ ကြိုးစားနေတာပဲ” ဟု ဦးဒွဲပီဆားက ပြောသည်။

တနင်္လာနေ့ကလည်း ဦးဇခုန်တိန်းယိန်းက ပန်ဝါမြို့မှ ရပ်မိရပ်ဖများအား အစည်းအဝေး ခေါ်ယူ၍ ပန်ဝါမြို့သို့ ပြောင်းရွှေ့ရန် ထပ်မံ ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ပန်ဝါမြို့ အထက်ပိုင်းရှိ တရုတ်နယ်စပ် မှတ်တိုင် ၆ ရှိ ဖရဲဒေသမှ ထွက်ပြေး ခိုလှုံလာသော ဒုက္ခသည် ၇ဝဝ ခန့်တို့ကိုလည်း ဦးဇခုန်တိန်းယိန်း က ပန်ဝါတို့
ပြောင်းရွှေ့ရန် ပြောခဲ့သည်ဟု ဆိုသည်။

“မင်းတို့ ဒီနေရာမှာ မနေတော့နဲ့ ပန်ဝါကို ပြောင်းကြပါ။ သူပြောတဲ့အချိန် လက်မခံဘူး ဆိုရင် သူနဲ့ မဆိုင်တော့ဘူး။ သူတာဝန် မယူနိုင်ဘူး။ ခုတော့ သူပြောတာ လက်ခံရင် သူ့မှာ တာဝန်ရှိတယ်လို့
ပြောတယ်။ ဒုက္ခသည်တွေက ပန်ဝါကို မပြောင်းနိုင်ဘူးဆိုပြီး နေနေကြတယ်။ သူတို့က အဲဒီလို ပြန်ပြောလိုက်တယ်” ဟု ဦးဒွဲပီဆား က ပြောသည်။

“သူက BGF ဆိုပြီး လက်ခံပြီးတော့ သူရဲ့ ပြည်သူ၊ သူ့ရဲ့ နယ်မြေဆိုပြီး နေနေတဲ့အချိန်။ ကျနော်တို့က ထွက်ပြေးလာ တဲ့ ပြည်သူတွေကို တာဝန်ယူနေတယ်ဆိုတော့ သူ့ရဲ့ လူထု KIO ဘက် ပြောင်းလာတာကို မကြိုက်လို့ ပြန်လုယူနေ တာပဲ” ဟု ထင်မြင်ချက် ပေးသည်။

ဦးဇခုန်တိန်ယိန်းသည် စတုတ္ထုကြိမ် လွှတ်တော်အစည်းဝေး ကျင်းပနေသော်လည်း မတက်ရောက်ဘဲ ထိုဒေသများသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates