Tuesday, July 24, 2012

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ပြန်လည်ပြုပြင်မည်

 ကိုကိုအောင် | အင်္ဂါနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။         ။ ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်အား ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် စီစဉ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

၁၉၆၆ ခုနှစ်က ဗိသုကာ ဦးကျော်မင်း၊ ပန်းချီ ဦးအုန်းလွင်နှင့် ပေါ်ဦးသက်တို့ ညှိနှိုင်း ဒီဇိုင်းဆွဲ၍ တည်ဆောက်ခဲ့သည့် ဆရာကြီး၏ ဂူဗိမာန်အား ပြင်ဆင်ရန်မှာ ရန်ပုံငွေ လိုအပ်ဆဲဖြစ်ကြောင်းလည်း သိရသည်။

“စည်ပင်သာယာ ခွင့်ပြုချက် တင်ထားပါတယ်။ ရန်ပုံငွေ လုံလောက်ပြီဆိုရင် စတင် အကောင်ထည် ဖော်မှာပါ။ ကုန်ကျစရိတ်ကတော့ သိန်း ရာချီကုန်မယ်ဗျ” ဟု ဂူဗိမာန် ထိန်းသိမ်း စောက်ရှောက်ရေး တာဝန်ခံ ဦးထွန်းဝင်းငြိမ်း က ဆိုသည်။

ဂူဗိမာန်တွင် စာအုပ်၊ ကဒေါင်း၊ ချိုးငှက်နှင့် တူတံစဉ် တို့ကို ဆရာကြီး၏ ဘဝသင်္ကေတများ အဖြစ် ဖော်ညွှန်းထားသည်။

ဆရာကြီး ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် အမှတ်တရ အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ သီရိခန်းမ၌ ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့ကြရာ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဝါရင့်နိုင်ငံရေးသမားများ၊ စာရေးဆရာ များ၊ သတင်းစာဆရာများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

“ဒီလိုအခမ်းနားကို ကျင်းပရတာက မမေ့သင့်သူကို မမေ့ဖို့ပဲ။ အဓိက သူ့ရဲ့ ငြိမ်းချမ်းရေး
ဆောင်ရွက်ချက်တွေကို မမေ့သင့်ဘူး။ ဆရာကြီးက အမျိုးသားနိုင်ငံရေးကို တစိုက်မက်မက် လုပ်ခဲ့တဲ့ ခေါင်းဆောင်းကြီး ဖြစ်တယ်” ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူ ဟံသာဝတီ ဦးဝင်းတင် က ဆိုသည်။

“ဆရာကြီးကို လူငယ်တွေ မသိတော့ဘူး။ ကိုယ့်အဘိုးကိုယ် မသိရင် လူငယ်တွေရဲ့ အနာဂတ်ဟာ အလွန် ရင်လေးဖို့ ကောင်းပါတယ်။ ဆရာကြီးဟာ နယ်ချဲ့ဂုဏ်ပြုဖို့ ဘုန်းတော်ဖွဲ့ကို မရေးခဲ့ဘူး။ ပြည်သူ့ဘက်က သစ္စာရှိရှိ ရပ်တည်ခဲ့တယ်။ ဓမ္မနဲ့အဓမ္မ တိုက်ပွဲတွေမှာလည်း ဆရာကြီးက ရှေ့တန်းက ပါဝင်ခဲ့ပါတယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောသည်။

ဆရာကြီး၏ ငယ်အမည်မှာ မောင်လွန်း ဖြစ်ပြီး ငယ်စဉ်က ကျီးသဲလေးထပ် ဆရာတော်ထံမှ စာပေပညာ သင်ယူခဲ့ သည်။ ၁၈၈၅ ခုနိုဝင်ဘာလ ၂၉ ရက်နေ့တွင် သီပေါမင်းနှင့် မိဖုရား စုဖုရားလတ်တို့ ပါတော်မူကြသည်ကို ကိုယ်တိုင်မြင်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ် စတင်ဖြစ်ပေါ်ခဲ့သည်။

ဆရာကြီးသည် ပြဇာတ်ပေါင်း ၈ဝ ခန့် ရေးသားပြုစုခဲ့သည်။ မော်လမြိုင်မြို့ မြန်မာတိုင်းမ် သတင်းစာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ ပဏ္ဍိလေး၊ မောင်သမာဓိ အမည်များဖြင့်
ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉ဝ၅ ခုနှစ်တွင် ရွှေတောင် မောင်လွမ်း ကလောင်အမည်ဖြင့် မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၁ဝ ပြည့်နှစ် တွင် သူရိယ သတင်းစာ စတင် ထုတ်ဝေသောအခါ အယ်ဒီတာအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ခေါင်းဆောင်ကြီးနှင့် ဘုန်းကြီး ဒီပနီတို့ကို ရေးသားခဲ့သည်။ ကဗျာ ပရတ္တ သင်္ဂြိုလ်ကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။ မြန်မာရာဇဝင်ချုပ်၊
ရွှေနတ်တောင် ဘုရား စာအုပ်များကို ဆရာလွန်းအမည်ဖြင့် ရေးသားထုတ်ဝေခဲ့ပြီး ဆရာကြီး၏ လေးချိုးကြီးများ၊ ဋီကာများ၊ ဂဏ္ဍိများမှာ ထင်ရှားသည်။

ဆရာကြီးသည် ကွယ်လွန်ချိန်အထိ အမျိုးသားရေး၊ ငြိမ်းချမ်းရေး၊ စာပေအရေးနှင့် အဖိနှိပ်ခံ လွတ်မြောက်ရေး တို့ကို ဆောင်ရွက်ခဲ့သည်။

“ဆရာကြီးဟာ စာပေလောကမှာ၊ သတင်းစာလောကမှာ မီးရှူးတဆောင် တဦး ဖြစ်ခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ကျနော့် ရှုထောင့်က ပြောရရင်တော့ ဆရာကြီးရဲ့ဂုဏ်သရေဟာ သူရဲ့နိုင်ငံရေး လုပ်ရပ်တွေကြောင့် ပိုမိုကြီးလာရ တယ်လို့ ပြောချင်ပါတယ်” ဟု ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော်ဖိုးသံချောင်း က ဆိုသည်။

၎င်းက ဆက်လက်၍ “အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော် နံပါတ် ၁ ကြီးဟာ ဂျပန်ခေတ် ရောက်တော့လည်း တောပြေးရင်း ပုန်းရတယ်။ ဖဆပလ လက်ထက်ကျတော့လည်း ဆိုရှယ်လစ်တွေနဲ့ သူတို့ရဲ့ စစ်ဗိုလ်တွေက တောထဲကလူတွေရဲ့ ကိုယ်စားလှယ်လို့ အမနာပ ပြောပြီး သူ့တရားပွဲတွေကို ပြူစောထီးတွေ လွှတ်ပြီး ခြိမ်းခြောက်တာခံရတယ်။ အဲဒီလို
ခေတ်အဆက်ဆက်မှာ အာဏာရ အသိုင်းအဝိုင်း၊ အာဏာရ လူတန်းစားနဲ့ ထိပ်တိုက်တွေ့ အငြိုအငြင်ခံပြီးတော့ ခေါင်းမာမာ တိုက်ပွဲဝင်ခဲ့လို့ ဆရာကြီးရဲ့ ဂုဏ်သိက္ခာဟာ ထွန်းပြောင်တာ၊ တပြည်လုံးက လေးစားရတာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ထူးခြားချက်တခုက သူဟာ ပြည်သူလူထုနဲ့ အမြဲတသားတည်းရှိတာပါ။ သူဟာ ပြည်သူလူထုတိုက်ပွဲနဲ့ အမြဲဆက်နေပါတယ်။ သူ့ခေတ်မှာ သူ မပါလိုက်တဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲရယ်လို့ မရှိပါဘူး” ဟု ဆရာကြီးအား တန်ဖိုးထား အကဲဖြတ်သွားသည်။

ထို့ပြင် လူထုဦးလှ၏ စာတမ်းတခုထဲတွင် “ဆရာကြီး သခင်ကိုယ်တော်မှိုင်း (သို့မဟုတ်)
မြန်မာနိုင်ငံသမိုင်း” ဟုပင် ဂုဏ်ပြုညွှန်းဆိုသွားဖူးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates