Saturday, July 21, 2012

အာဇာနည်နေ့အတွက် ဆောင်ရမည့် မန္တရား

“မိမိတို့သည် နတ်ဘုရားများမဟုတ်ပါ။ ဒဏ်ရာရနေကြသည့် သတ္တဝါများသာ ဖြစ်ပါသည်”

မေငက် (May Ng) | စနေနေ့၊ ဇူလိုင်လ ၂၁ ရက် ၂ဝ၁၂ ခုနှစ် ၁၆ နာရီ ၃၄ မိနစ်


(သတင်းဝေဖန်ချက်)  ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် မိုးကျမှောင်မဲနေသည့် တရက်က ဂဠုန်ဦးစော စေလွှတ်လိုက် သည့် လူသတ်သမားများ က ပြည်သူ့ရဲဘော်အဖွဲ့မှ အစောင့်များနှင့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အစိုးရ၏ အတွင်းဝန်များကို စည်းဝေးနေစဉ် ပစ်ခတ် လုပ်ကြံခဲ့ကြသည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်က လွတ်လပ်ရေး ရလုဆဲအချိန်တွင် ဝန်ကြီးအဖွဲ့တခုလုံး နီးပါးနှင့်အတူ ကြေကွဲဖွယ် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

ခေတ်သစ်မြန်မာနိုင်ငံ၏ ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ။ aungsan.com

ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံရသူများတွင် ဦးရာဇတ်လည်း တဦး အပါအဝင်ဖြစ်ပြီး သူက မူစလင် ဘာသာ ကိုးကွယ်သူ နိုင်ငံရေးခေါင်းဆောင် ဖြစ်သည်။ သူတို့နှင့်အတူ ကရင် နိုင်ငံရေး ခေါင်းဆောင် မန်းဘခိုင်၊ ရှမ်းပြည်နယ်မှ မိုင်းပွန် စော်ဘွား စဝ်စံထွန်းတို့လည်း အတူလုပ်ကြံခံရသည်။ ၎င်းနေ့မှာ မြန်မာ့ခေတ်သစ် သမိုင်း အတွက် အမှောင်လွှမ်းသည့်နေ့ ဖြစ်ပြီး
လူသတ်သမားမှာ ဗမာလူမျိုး ဦးစောဖြစ်နေခြင်းပင်။

ဦးစောက ကိုလိုနီအုပ်ချုပ်ရေးကာလ ၁၉၃ဝ ခုနှစ်များက ထင်ရှားသြဇာကြီးသည့်
နိုင်ငံရေးသမားတဦး ဖြစ်သည်။ စစ်အတွင်းကာလတွင် သူက ဂျပန်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ရန် ကူညီပေးပါမည်ဟု ကမ်းလှမ်းသည်ကို သိရှိခဲ့သည့်အခါ ယူဂန်ဒါနိုင်ငံ၌ ပြည်ပြေးဘဝနှင့်
နေခဲ့ရသေးသည်။ စစ်အပြီး သူက မြန်မာနိုင်ငံသို့ ဂျာမန် ဇနီးနှင့်အတူ ပြန်လာခဲ့သည်။ သို့သော်လည်း သူက ယခင်ကတည်းက အိမ်ထောင်ရှိထားသူ တဦးဖြစ်သလို အခြား မိန်းမငယ်များလည်း ရှိထားသူဖြစ်သည်။ ဦးစောက မြန်မာနိုင်ငံ၏ ပင်မရေစီးကြောင်း အတွင်း ပြန်လည်အခြေချ၍ သူ၏မျိုးချစ်ပါတီဖြင့် တက်လမ်းရှာရန် ကြိုးပမ်းသော်လည်း မအောင်မမြင်ဖြစ်ခဲ့ရသည်။ စစ်မတိုင်ခင်ကာလက သူ၏ပါတီကို အကျင့်ပျက် မရိုးသားသည့် နိုင်ငံရေးပါတီ တခုဟု လူအများက မြင်ထားခဲ့ကြသည်။ သမိုင်းပညာရှင်များ အဆိုအရ မြန်မာနိုင်ငံ လွတ်လပ်ရေး ရလာသည့် ကနဦး ကာလတွင် ဦးစောက ဗြိတိသျှအကူအညီ မပါလျှင် မန္တလေးကို တရုတ်များက လွှမ်းမိုးထားလိမ့် မည်။ နောက်တနေ့တွင် စစ်ကိုင်း၊ နောက်တနေ့တွင် ရန်ကုန်တိုင် သြဇာချဲ့လာမည်ကို စိုးရိမ်နေခဲ့သည်ဟု ဆိုကြသည်။

ဗိုလ်ချုပ် ကျဆုံးသွားခြင်းက မြန်မာ့အနာဂတ်အတွက် များစွာ ထိခိုက်သက်ရောက်မှု ရှိစေခဲ့သည်။ ထို့အတူ
တောင်တန်းသားလူနည်းစု တိုင်းရင်းသားများအတွက်လည်း နစ်နာစရာ ဖြစ်ခဲ့ရသည်။ ၁၉၄၁-၄၂ ခုနှစ် ဂျပန်များ သိမ်းပိုက်ထားစဉ် ကာလက ကရင်တိုင်းရင်းသားများနှင့် အခြားသော လူနည်းစု တိုင်းရင်းသားများ၏ ရည်မှန်းချက်မှာ သီးခြား နိုင်ငံရေး အဆင့်အတန်းဖြင့် ရပ်တည်ကြရေး ဖြစ်သည်။

စစ်အပြီး ဗြိတိသျှတို့ မြန်မာနိုင်ငံကို ပြန်ရောက်လာကြသည့် ၁၉၄၅ ခုနှစ်တိုင် အနည်းစုသော ကရင်၊ ကချင်၊ ရှမ်း၊ သို့ မဟုတ် ချင်းတိုင်းရင်းသား အစွန်းရောက်သူများက မြန်မာနိုင်ငံမှ ခွဲထွက်ရေးကို ပြောဆိုနေကြဆဲဖြစ်သည်။ ၁၉၄၅ ခုနှစ် စက်တင်္ဘာလ ဆွေးနွေးပွဲများတွင်လည်း လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များနှင့် လက်နက်ကိုင် ဗမာတပ်ဖွဲ့များ
ပေါင်းစည်းရေး အထမမြောက်နိုင် ရှိနေရဆဲ ဖြစ်သည်။ တပ်မတော် တခုအတွင်း၌ပင် စစ်တပ် နှစ်ခု ရှိနေခဲ့သည်။ ဗြိတိသျှစစ်တပ်ထဲတွင် ကချင်၊ ကရင်၊ ချင်းသေနတ်ကိုင် တပ်ရင်းများနှင့် အင်အား ၆,၀၀၀ ခန့်ရှိသည့် ဗမာအရာရှိများ က ဦးစီးသည့် ဗမာ အမျိုးသားတပ်မတော် (BNA) တပ်များဟူ၍ ရှိခဲ့ကြသည်။ မြန်မာ့တပ်မတော်အတွင်းမှ လက်ဝဲ လိုလားသူ စစ်ခေါင်းဆောင်များက သူခိုး၊ ဓားပြ၊ ရာဇဝတ်သား၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် စုဖွဲ့ထားသည့် စစ်ဝန်ထမ်းတပ်ဟူ၍ ထည့်သွင်းရန် ဆုံးဖြတ်လာသည့်အခါ ကရင်စစ်တပ်များအဖို့ ပို၍ စိုးရိမ်ကြောက်ရွံ့စရာ ဖြစ်လာ ခဲ့ရသည်။

၁၉၄၆ ခုနှစ်၊ နှစ်ဆန်းပိုင်းကာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီက စစ်တပ်တွင်း ထကြွ သူပုန်ထကြသည့်အခါ မြန်မာ့နိုင်ငံရေး၌ ဂိုဏ်းဂဏစိတ်က အထွဋ်အထိပ် လွှမ်းမိုးရာ ဖြစ်ခဲ့တော့သည်။ ထိုအချိန်တွင် သခင်စိုးက သခင်သန်းထွန်းနှင့် အခြား စေ့စပ်ညှိနှိုင်းလိုသည့် ကွန်မြူနစ်များကို နယ်ချဲ့များနှင့် စေ့စပ်ညှိနှိုင်းသည်၊ ကွန်မြူနစ်တို့၏ သန့်စင်မှုကို ထိခိုက်စေသည်ဟု စွပ်စွဲခဲ့သည်။ ထိုအချိန်တွင် နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်တာဝန်ယူရန် သူ၏စစ်ရေးတာဝန်ကို စွန့်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းသည်လည်း ဗြိတိသျှတို့နှင့် ယခင်အုပ်ချုပ်သူ လူဟောင်း ဦးစောတို့က တဖက်၊ သခင်စိုးနှင့် အခြားကွန်မြူနစ်များက တဖက်အကြား ကြားညှပ်ခဲ့ရသည်။

ထို့နောက် ဗြိတိသျှတို့လက်မှ မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရအပြီး ရက်သတ္တပတ် အနည်းငယ်မျှ အကြာတွင် ဗမာပြည်ကွန်မြူနစ်ပါတီက စစ်ကြေညာထကြွ၍ ရန်ကုန်နှင့် မန္တလေး ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်ထားလိုက်တော့သည်။ အစိုးရက ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် တိုင်းရင်းသား တပ်ဖွဲ့များကို အထူးတလည် အားကိုးခဲ့ရသော်လည်း ရန်ကုန်အစိုးရအတွင်းတွင် တိုင်းရင်းသားများအပေါ် မလိုသွေးကွဲစိတ်များ မလွဲမရှောင်သာ ရှိလာခဲ့သည်။ သူတို့က ကွန်မြူနစ်များကို ဗမာများဖြစ်သည့်အတွက် သိပ်အန္တရာယ် မရှိသည့် ခြိမ်းခြောက်မှုဟု ယူဆထားခဲ့ကြသည်။ တိုင်းရင်းသားများကိုမူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေး
တောင်းဆိုနေကြသည့်အတွက် အန္တရာယ်ပိုကြီးသည်ဟု မြင်ကြသည်။

နှစ်ပေါင်း ၆၀ ကျော်လာသည့် ယနေ့တိုင် မြန်မာစစ်တပ်က အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် အတင်းအကြပ် ပြုမှုနှင့် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သည်။ သူတို့က စိတ်ကူးယဉ်နေကြသည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တည်ဆောက်နိုင်ရန် ဆိုသော်လည်း အမှန်မှာ လူမျိုးအရ၊ အယူဝါဒရေးရာအရ သန့်စင်သည့် မြန်မာနိုင်ငံတော်ကို တည်ထောင်လိုခြင်းမျှသာ ဖြစ်သည်။

တပ်မတော် တခုတည်းဖြင့် မြန်မာနိုင်ငံကို လွတ်မြောက်စေခဲ့သည်ဟု သူတို့က ယုံကြည်ထားကြသလို မြန်မာစစ်တပ် က စစ်တပ်ကို မောင်ပိုင်စီး လွှမ်းမိုး၍ ဆက်လက်ထိန်းချုပ်ခဲ့သည်။ ဗမာစကား မပြောသည့် တိုင်းရင်းသား လူနည်းစုများ ကိုလည်း အာဏာဖွဲ့စည်းပုံတွင် ခြွင်းချက်မျှနှင့် အနည်းအကျဉ်းမျှသာ ထားတော့သည်။ စစ်တပ်က ဦးဆောင်သည့် ယခု နေပြည်တော် လွှတ်တော်များ ကျင်းပနေကြသည့် ကာလတိုင်ပင် ဤအတိုင်း ဖြစ်နေတော့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများကို စစ်အစိုးရက တလွဲတချော် စီမံနေမှုနှင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းသည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအရ လက်ဝါးကြီးအုပ် ချယ်လှယ်လိုသည့် အမျိုးသားရေးဝါဒ၏ အကျိုးဆက်ရလဒ်များသာ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်သည်မှာ ယနေ့အချိန်သည် အင်အားစုအားလုံး ဖက်အသီးသီးက ပထမအနေနှင့် သွေးထွက်သံယို စစ်ပွဲများကို ရပ်စဲပစ်ကြရန် ဖြစ်ပြီး တွေ့ဆုံညှိနှိုင်းရေး စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် ဖြေရှင်းကြရန် ဖြစ်သည်။ ဤကိစ္စကို မဆိုင်းမတွ၊ လိမ်ညာလှည့်ဖျားမှုများ မပါဘဲ၊ ကြောက်ရွံ့စိုးရိမ်မှု အလျင်းမရှိဘဲ ဆောင်ရွက်ကြရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ပိတ်ဆို့ထားသည့် ဒဏ်ခတ်အရေးယူမှုများ နောက်ဆုံးဖြေလျော့ပေးခဲ့သူ ဗိသုကာ ဟု ဆိုနိုင် သည့် သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန်တို့ အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တိုးတက်ထွန်းကားလာစေရေးအတွက် စစ်တပ်အပေါ်တွက် အားကို ဆက်လက် ထိန်းသိမ်းထားသင့်ပါ သည်။ မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်နှင့်
ဒေါ်အောင်ဆန်းစုကြည်တို့က အမြော်အမြင်ကြီးမားသည့်၊ ဒီမိုကရေစီ အပေါ် ယုံကြည်သည့်
ခေါင်းဆောင်များ ဖြစ်သော်လည်း၊ အခိုင်အမာ အကျိုးစီးပွားများ၊ အာဏာရယူ တည်ဆောက် ထားမှု ရှိနေသည့် မြန်မာစစ်တပ်နှင့် ရင်ဆိုင်ရသည့်အခါ အားနည်း ချိနဲ့နေကြပါသေးသည်။

သူတို့ခေါင်းဆောင်နှစ်ဦး၏ မြော်မြင်ချက်က အင်အားကောင်းသည့် တခုတည်းသော စစ်တပ်ကို ဒီမိုကရေစီရေးအတွက် အပြုသဘောဆောင်သည့် အင်အားစုအဖြစ် ပြောင်းလဲနိုင်ရေး ဖြစ်ပါသည်။ သို့သော်လည်းပြင်ပမှ စွက်ဖက်ကူညီမှု မရှိပါလျှင် ဤအချက်သည်လည်း အလှမ်းဝေးသည့် အိပ်မက်ဖြစ်နေဦးမည်ပင်။ ယခုအခါ စစ်အစိုးရက အမေရိကန် ပြည်ထောင်စု အပါအဝင် အခြားနိုင်ငံများမှ အလုံးအရင်း ဝင်လာမည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုများကြောင့် အကျိုးအမြတ်များ ပို၍ရရှိဦးတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် နိုင်ငံရေးနှင့် ဘဏ္ဍာရေး အခြေအနေများကို ကမ္ဘာကြီးက ပို၍ အထူးသတိထား စောင့်ကြည့်နေရမည့် အချိန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် နေပြည်တော်ရှိ စစ်တပ်က လူမျိုးရေးအရ၊ ဘဏ္ဍာရေးအရ ခွဲခြားထား ခံနေရသည့် နိုင်ငံတခု ဖြစ်ပါသည်။ စစ်တပ်က မြေယာများ ဆက်လက်သိမ်းပိုက် လုယူနေခြင်း၊ လယ်သမား များကို ဆင်းရဲ ဘဝပျက်စေခြင်း၊ တိုင်းရင်းသား လူမျိုးစုများကို စီးပွားရေးစီမံကိန်းမျိုးစုံ အကြောင်းပြချက်များဖြင့် သူတို့ပိုင်ဆိုင်သည့် ဧရာမ မြေကွက်ဒေသများမှ မောင်းနှင်ထုတ်ခြင်းများ ဆက်လက်ဆောင်ရွက် ဖိနှိပ်နေကြပါသည်။ ၎င်းစီမံကိန်းများ၏ အကျိုးစီးပွားမှာ ထိပ်သီး စစ်ခေါင်းဆောင် တစုအတွက်သာ ဖြစ်နေပါသည်။

စာရေးဆရာ ဆော်လမွန် ရပ်စဒီ (Salman Rushdie) က တချိန်က ရေးသားခဲ့ရာတွင် “ကျနော်တို့က နတ်ဘုရားများ မဟုတ်ပါ။ ဒဏ်ရာရထားသည့် တိရိစ္ဆာန်များသာ ဖြစ်ပါသည်။ ကျိုးကြေနေသည့် အမြင်များကိုသာ ရရှိမြင်တွေ့စေရန် မျက်ကြည်လွှာများ စုတ်ပြတ်နေကြသည်။ ဤသို့ ဖြစ်ရသည်မှာလည်း ကျနော်တို့ အသက်သေဆုံးရသည့်တိုင် အပြင်းအထန် ခုခံကာကွယ်ခဲ့ကြသည့် မလုံလောက်သော ရရာပစ္စည်းများဖြင့် တည်ဆောက်ထားကြသည့် မိမိတို့၏ အသိတရားများကြောင့်လည်း
ဖြစ်ကောင်းဖြစ်ပေမည်” ဟု ဆိုခဲ့သည်။ ၎င်းရေးသားချက် အချင်းအရာကို ဒေါ်အောင်ဆန်းစုကြည်လောက်
ကောင်းကောင်း သိရှိသဘောပေါက်သူ ရှိကောင်းမှ ရှိပါလိမ့်မည်။ သူက သူ့ဘဝတွင် ဖခင်ကိုဆုံးရှုံးခဲ့ရသလို ယခုလည်း သူ၏ဘဝ အချိန်များစွာကို တိုင်းပြည်အတွက်၊ လူနည်းစု လူမျိုးများအတွက်၊ စစ်တပ်အတွက် လွတ်မြောက်ကြောင်း လမ်းကို ရှာဖွေရင်း စွန့်လွှတ် ကုန်ဆုံးနေရသူ ဖြစ်ပါသည်။

စစ်တပ်က သူတို့သည် နတ်ဘုရားများ မဟုတ်ကြောင်း ဝန်ခံရန် အချိန်မနှောင်းသေးပါ။ ယနေ့လို အာဇာနည်နေ့မျိုးနှင့် အနာဂတ် အမြဲတစေတွင် ပြည်သူများက အာဇာနည်နေ့အတွက် ဝမ်းနည်း ပူဆွေးကြခြင်းကိုလည်း ပိတ်ပင်တားမြစ် နေရန်မလိုအပ်ပါ။

ယခုအချိန်သည် စစ်တပ်က မြန်မာနိုင်ငံလွတ်လပ်ရေး ရယူပြီး တိုင်းပြည်ထူထောင်ကာစ ကာလ၊ ပြည်သူများ သူတို့ကို မူလ အမှန်တကယ်သတ်မှတ် တာဝန်ပေးထားသည့် လုပ်ငန်းတာဝန်ကို ပြန်လည် ထမ်းဆောင်ကြရမည့် အချိန်ပင် ဖြစ်ပါတော့သည်။

မေငက် (May Ng) ရေးသားသည့် We are not gods but wounded creatures: A Martyrs Day mantra ဆောင်းပါး ကို ဆီလျော်အောင်ပြန်ဆိုဖော်ပြပါသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates