Tuesday, July 17, 2012

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ မြေမြှုပ်မိုင်း အသုံးပြုနေဟု ဆို

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၈ မိနစ်

မဇ္ဈိမသတင်းဌာန ။         ။ လက်နက်ကိုင် ပဋိပက္ခများအတွင်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသား အုပ်စုများသည် မြေမြှုပ်မိုင်းများအား အသုံးပြုနေကြသည်ဟု ယုံကြည်ကြောင်း မြေမြှုပ်မိုင်း
စောင့်ကြည့်ရေးအဖွဲ့ (the Landmine Monitor) က ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်။

ထိုအဖွဲ့မှာ မြေမြှုပ်မိုင်းနှင့် အတွဲလိုက် ပေါက်ကွဲစေနိုင်သောဗုံး (cluster bomb) များ အသုံးပြုမှုနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေသော သုတေသန အဖွဲ့တခုဖြစ်သည်။

လွန်ခဲ့သည့် အပတ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံသည် မိုင်းပိတ်ပင်ရေး စာချုပ် အပါအဝင် အခြားလက်နက် ရုပ်သိမ်းရေး စာချုပ်များကို လက်မှတ်ထိုးရန် အလေးအနက် စဉ်းစားနေသည်ဟု ပြောကြားခဲ့သည်။

၂ဝ၁၁ ခုနှစ် နှောင်းပိုင်းမှ ၂ဝ၁၂ ခုနှစ် နှစ်ဦးပိုင်းအတွင်းတွင် မြန်မာစစ်တပ်သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ဖြစ်ပွါးခဲ့သည့် စစ်ပွဲများအတွင်း မြေမြှုပ်မိုင်းများ အသုံးပြုခဲ့ကြောင်း စွပ်စွဲခံထားရသည်ဟု the Landmine Monitor ၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

သတင်းထုတ်ပြန်ချက် တခုထဲတွင် ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ပြောဆိုချက်ကို ကိုးကားရေးသားထားသည်မှာ မြန်မာအစိုးရ အနေဖြင့် မြေမြှုပ်မိုင်းကို အသုံးပြုခြင်း မရှိတော့ကြောင်းနှင့် မိုင်းအသုံးပြုမှု ပိတ်ပင်ရေး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေး ကတိကဝတ် တခု ပြုလုပ်မည်ဖြစ်ကြောင်း ဆိုထားသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ၏ အစီရင်ခံစာအရ မြေမြှုပ်မိုင်းများကို
မြန်မာစစ်တပ်နှင့် KIA နှစ်ဖွဲ့စလုံးက အသုံးပြုခဲ့ကြသည်ဟု ဆိုထားသည်။ 

၂ဝ၁၁ ခုနှစ် ဇူလိုင်လ အတွင်းက KIA က ဖမ်းမိသော အစိုးရစစ်သားများထံမှ မြေမြှုပ်မိုင်းများ သိမ်းဆည်းရမိခဲ့သည် ဟု အခိုင်အမာ ဆိုခဲ့သလို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ဒေသတွင်းရှိ လက်နက်ကိုင် အင်အားစုများအား မိုင်းအသုံးပြုခြင်းအား ရှောင်ရှားကြပါရန် မေတ္တာရပ်ခံခဲ့ကြောင်းလည်း ကြေညာချက်ထဲတွင်
ဖော်ပြထားသည်။

ကချင်ပြည်နယ်ရှိ ရွာများတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းများနှင့် ပတ်သတ်သည့် အစီရင်ခံစာများကြောင့် မိုင်းအန္တရာယ် ပညာပေး အစီအစဉ်များကို ဒုက္ခသည် စခန်းများတွင် ပြုလုပ်ပေးရန် ကုလသမဂ္ဂ လူသားချင်း စာနာမှု ကူညီရေးဌာန (UNOCHA) က ၂ဝ၁၂ ခုနှစ် မတ်လတွင် တိုက်တွန်းခဲ့သည်။

ထို့ပြင် မြန်မာစစ်တပ်၏ အုပ်ချုပ်မှု အောက်တွင် ရှိသည့် နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းလာသည့် အုပ်စုများသည်လည်း မြေမြှုပ်မိုင်းများ အသုံးပြုခဲ့သည်ဟု စွပ်စွဲချက်များ ရှိနေသည်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ တွင် နယ်ခြားစောင့်တပ်များက ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့များကို တားဆီးရန်အတွက် မြဝတီ မြို့နယ် အနီးတွင် မိုင်းထောင်ခဲ့သည်ဟု အစီရင်ခံစာများက ဆိုခဲ့ပြီး နယ်ခြားစောင့်တပ်များ အနေဖြင့် ထိုဒေသ အတွင်းတွင် မြေမြှုပ်မိုင်း ၅ဝဝ ထောင်ရန် အမိန့်ပေးခံခဲ့ရသည်ဟု သိရသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ Free Burma Rangers အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ ရွာတရွာမှ ရွာသားများကို နယ်ခြားစောင့် တပ်များက ၎င်းတို့ အနေဖြင့် ထိုရွာထဲတွင် မြေမြှုပ်မိုင်းများ ထောင်ထားသောကြောင့် ရွာသို့ မပြန်ကြရန်
ပြောခဲ့သည်ဟု ရေးသားထားသည်။

ပဲခူးတိုင်း အနောက်ပိုင်း ညောင်ခြေထောက်ရှိ နိုင်ငံပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံသည် အာရုံခံ ရှာဖွေ၍ မရနိုင်သည့် မြေမြှုပ်မိုင်းများ အပါအဝင် မြေမြှုပ်မိုင်းအမျိုးမျိုးနှင့် ပစ္စည်းအစိတ်အပိုင်းများကို ထုတ်လုပ်လျက် ရှိနေသည်ဟု ဆိုကြကြောင်း ကြေညာချက်ထဲတွင် ရေးသားထားသည်။ 

အဖွဲ့၏ ယခင်အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် ပြည်တွင်းဖြစ် မြေမြှုပ်မိုင်းများအပြင် တရုတ်၊ အိန္ဒိယ၊ အီတလီ၊ ဆိုဗီယက် နှင့် အမေရိကန်လုပ် မြေမြှုပ်မိုင်းများကိုလည်း ရရှိကာ အသုံးပြုခဲ့ကြောင်း သိရသည်။ 

မြေမြှုပ်မိုင်း ပိတ်ပင်ရေး နိုင်ငံတကာ ကမ်ပိန်းအဖွဲ့ (ICBL) အနေဖြင့် ယခုအချိန်တွင် မြေမြှုပ်မိုင်း အသုံးပြုမှုများ ရပ်ဆိုင်းကြရန် မေတ္တာရပ်ခံခဲ့ပြီး ထိုအချက်အား မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၏ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတိုင်းတွင် ထည့်သွင်းရန် တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ကတည်းက Landmine Monitor အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်းတွင်
မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှု (သို့မဟုတ်) အသက်ဆုံးရှုံးမှု ၃,ဝဝဝ ခန့်ကို မှတ်တမ်းတင်ခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူ များက ထိခိုက်ဒဏ်ရာရမှု တရားဝင် ကိန်းဂဏန်းကို ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့သောကြောင့် အမှန်တကယ် ထိခိုက် ဆုံးရှုံးသူ ဦးရေမှာ ၎င်းအဖွဲ့မှ မှတ်တမ်းတင်ထားသည်ထက် ပိုမိုများပြားဖွယ် ရှိသည်ဟု ယုံကြည်ရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates