Thursday, July 12, 2012

စစ်တွေ အဓိကရုဏ်း သေဆုံးသူများ အတွက် ကျောက်တိုင်စိုက်

ကွန်းချမ်း | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၁ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ် စစ်တွေမြို့ အဓိကရုဏ်းအတွင်း သေဆုံးသွားသူများအတွက် ဂုဏ်ပြုကျောက် တိုင် စိုက်ထူခြင်းကို အောင်မင်္ဂလာဆုတောင်းပြည့်စေတီ ပရဝုဏ်အတွင်း ပြုလုပ်ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးစံကျော်လှ က ပြောသည်။



အခမ်းအနားကို ကြာသပတေးနေ့က သံဃာတော် ကိုးပါး ဦးဆောင်ကာ စစ်တွေမြို့ ရွာသာယာအရှေ့ အာကျပ်တော် ကုန်းမြေရှိ အောင်မင်္ဂလာ ဆုတောင်းပြည့်စေတီ ပရဝုဏ်အတွင်းတွင် ကျင်းပခဲ့ပြီး ရခိုင်အမျိုးသား  ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ရခိုင့်သဟာယအသင်း (ရန်ကုန်)၊ ရခိုင်အင်အားစုအဖွဲ့ စသည်တို့နှင့် အဓိကရုဏ်းအတွင်း သေဆုံးသွားသူတို့၏ မိသားစုဝင်များ ၁၅၀ ခန့် တက်ရောက်ကြသည်။

“ကျနော်တို့ ကျဆုံးသွားတဲ့ သူတွေအတွက် အမှတ်တရအနေနဲ့ လုပ်တာတော့ ကောင်းပါတယ်။
ကောင်းတယ်လို့ မြင်တဲ့အတွက် ကျနော်တို့ ဒုဥက္ကဌ ကိုယ်တိုင် သွားတက်ပါတယ်” ဟု ဦးစံကျော်လှ က ပြောသည်။

အမည်မဖော်လိုသော အခမ်းအနား ဦးဆောင်ကျင်းပသော ဆရာတော်တပါးက “နောင်ကာလမှာ ဒီလို အဖြစ်ဆိုး အဖြစ်မျိုးတွေ မဖြစ်ရပါစေနဲ့ ဆိုပြီးတော့ စံနမူနာ သင်ခန်းစာ ယူနိုင်အောင် ရည်မှန်းပြီး အခုလို ကျောက်တိုင်စိုက် တာ ဖြစ်တယ်” ဟု ပြောသည်။

အဓိကရုဏ်း တလပြည့် ဖြစ်သည့် ဇူလိုင် ၈ ရက်နေ့တွင်လည်း စစ်တွေမြို့ အပါအဝင် ရခိုင်ဒေသ အသီးသီး၌ သေဆုံး သူများအတွက် ဝမ်းနည်းခြင်းနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် သာသနာ့ အလံများ လွှင့်တင်၍ ဂုဏ်ပြုခဲ့ကြ သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates