Monday, July 23, 2012

ရေယာဉ်နစ်မြုပ်မှု ကိုးလောင်း ဆယ်ယူနိုင်ခဲ့၊ ၁၈ ဦး ပျောက်ဆုံးနေဆဲ

ဖနိဒါ | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၀ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။         ။ ကချင်ပြည်နယ် ဗန်းမော်-ကသာ ပြေးဆွဲနေသော ရှပ်ပြေး ရေယာဉ်တစီး တိမ်းမှောက်မှုမှ အလောင်း ကိုးလောင်း ဆယ်ယူနိုင်ပြီး ၁၈ ဦးခန့် ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု သက်ဆိုင်ရာ ရဲစခန်းနှင့် ကယ်ဆယ်ရေး လုပ်နေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-NLD ဗန်းမော်မြို့နယ် အမှုဆောင် ဦးအောင်သိန်းတို့က ပြောသည်။

ဇူလိုင်လ ၂ဝ ရက်နေ့ နံနက်ပိုင်းက တာပိန်မြစ်ကမ်းနဘေး မြမင်းအောင် (၁) ရှပ်ပြေး ရေယာဉ်သည် ဂိတ်မှအထွက် မြစ်ကမ်းမှ ပေ ၂ဝ ကျော် အကွာတွင် နှစ်မြုပ်သွားခဲ့ရာ သုံးရက်ကြာထိ ၁၈ ဦးခန့် ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဦးအောင်သိန်းက ပြောသည်။ ထိုစာရင်းမှာ သက်ဆိုင်သူများက လာရောက်တိုင်ကြားသဖြင့် စာရင်းပြုစုထားခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့က နှစ်လောင်း သွားသယ်တုံး ဒုတိယမြစ်ကျဉ်းမှာ သွားတင်တာ။ ရှပ်ပြေးထဲမှာ လိုက်ကြည့်တော့ ခုံတွေမှာ လူတွေ တယောက်မှ မရှိတော့ဘူး။ ခေါင်းခန်းထဲက upper (အပေါ်)ခန်းထဲမှာတော့ သဲဖုံးထားတော့ ဖွင့်လို့ မရတော့ အဲဒီထဲမှာ ကျန်မကျန်တော့ မသိသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်က ခွန်သာရပ်ကွက်မှ ဘောလုံးသမားများဖြစ်သော သင်္ချာ ဒုတိယနှစ်ကျောင်းသား ထက်ဝေစိုး (ခ)ပြောင်ကြီး၊ ဂျေးလေးနှင့် ငှက်ဖျား တိုက်ဖျက်ရေးနှင့် ကာကွယ်ရေးမှ ဝန်ထမ်း မနန်းခင်မွှေးတို့၏ အလောင်းများကို ဒုတိယ မြစ်ကျဉ်းတွင် သောင်တင်နေသဖြင့် ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။

ဖြစ်ပွားသည့်နေ့က အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၇၆ ဦးအား ကယ်ဆယ်ခဲ့ရာမှာ တဦး သေဆုံးခဲ့ပြီး ယမန်နေ့တွင် ခြောက်လောင်း၊ ယနေ့ နံနက်ပိုင်းတွင် ဒုတိယမြစ်ကျဉ်းတွင် သုံးလောင်း ထပ်မံ ကယ်ဆယ်နိုင်ခဲ့သဖြင့် စုစုပေါင်း ကိုးလောင်း ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ရေယာဉ်ပေါ်ပါ ခရီးသည်များထဲတွင် ဇူလိုင်လ ၂၃ ရက်နေ့ မြစ်ကြီးနားမြို့၌ ကျင်းပမည့်
ဘောလုံးပွဲအတွက် နည်းပြ ဆရာနှစ်ဦး အပါအဝင် ကျောင်းသား ၂၂ ဦး လိုက်ပါသွားခဲ့ရာ ထိုအထဲမှ နည်းပြဆရာတဦးနှင့် ကျောင်းသား ငါးဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ပြီး တဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဦးအောင်သိန်း က ပြောသည်။

သေဆုံးသူများနှင့် ပတ်သက်၍ တရားဥပဒေအရ ရှပ်ပြေးရေယာဉ်များအား ထိထိရောက်ရောက် အရေးယူပေးရန်နှင့် ဗန်းမော် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ်ကိုပါ အရေးယူပေးရန် ကချင်ပြည်နယ် လူမူဝန်ကြီး ဒေါ်ဘောက်ဂျာထံ တောင်းဆိုထားကြောင်း သေဆုံးသူ ထက်ဝေစိုး၏ ဖခင် ဦးဇော်ဝမ်း က ပြောသည်။

“ကလေးကိစ္စကို ဘယ်လိုလုပ်ပေးနိုင်မလဲ။ ရှပ်ပြေးလိုင်းတွေကို ထိထိရောက်ရောက် ဥပဒေနဲ့ အရေးယူပေးဖို့၊ ကျောင်းသားတွေ ပါတဲ့ကိစ္စမှာ ပါချုပ်မှာ တာဝန်ရှိတယ်လို့ ကျနော် တောင်းဆိုထားတယ်” ဟု မဇ္စျိမကို ပြောသည်။

၎င်းရေယာဉ်တွင် နိုင်ငံသားမှတ်ပုံတင်ဖြင့် လိုက်ပါလာသူ ၇ဝ ကျော်ရှိပြီး တခြား မှောင်ခိုနည်းဖြင့် လိုက်ပါလာသူများ လည်း ရှိသဖြင့် စုစုပေါင်း ၁၀၀ ဦးကျော် ရှိမည်ဟု ခန့်မှန်းထားသည်ဟု ဦးအောင်သိန်းက ပြောသည်။

ဒေသခံ မျက်မြင်များ၏ ပြောဆိုချက်အရ အဆိုပါ ရှပ်ပြေးရေယာဉ် စထွက်စဉ် ဆိပ်ခံနှင့် တွဲချည်ထားသည့်
ရှေ့ခေါင်းပိုင်းမှ ကြိုး ဖြုတ်လိုက်သော်လည်း နောက်ဘက်ပိုင်းမှ ကြိုး မဖြုတ်သဖြင့် ဂီယာဂျမ်းဖြစ်သွားခြင်း ဖြစ်သည်ဟု ဦးအောင်သိန်း က ပြောသည်။

“စထွက်တဲ့အခါမှာ ဂီယာဂျမ်း ဖြစ်နေလို့ ပြောပေမယ့် ကျန်ရစ်ခဲ့တဲ့ လူတွေကို သေသေချာချာ
မေးကြည့်တာ ရှေ့ခေါင်းကြိုးကို ဖြုတ်ပြီး ဖင်မြီးကြိုးကို မဖြုတ်မိတာ။ မဖြုတ်တော့ စက်က တအားမောင်းတော့ ဆွဲနှစ်လိုက်သလို ဖြစ်သွားတာ” ဟု သူက ဆက်ပြောသည်။

တိမ်းမှောက်ရခြင်းသည် ဂီယာညှပ်ခြင်းကြောင့်ဟု စုံစမ်းရရှိကြောင်း ဗန်းမော်မြို့ ရဲစခန်းမှ သတင်းနှင့်ပြန်ကြားရေးဌာနမှ အရာရှိတဦးက ပြောသည်။

“ဂီယာညပ်တယ်လို့ ပြောတယ်။ သတင်းမတင်ရသေးတော့ မှားမှာစိုးလို့။ မနေ့ ငါးလောင်းကိုပဲ အတည်ပြုထားပါ၊ အခုလောလောဆယ်တော့ နာမည်တွေ အတည်ပြုနေတုန်း မို့လို့၊ ဆက်လက် လုပ်နေတုန်းပါ” ဟု မဇ္စျိမကို ပြောသည်။

ဖားကန့်မြို့နယ်မှ မအိဖြူလတ်၊ ပိုင်ရှင်မဲ့ အမျိုးသားတဦး၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၄ မှ ဒု-တပ်ကြပ် သီဟနိုင်၊ ဗန်းမော်မြို့ ဘောက်ကုန်းရပ်ကွက်မှ ဗန်းမော်တက္ကသိုလ် ဓါတုဗေဒ နောက်ဆုံးနှစ် ကျောင်းသားများဖြစ်သော မျိုးဂျတ်အောင်၊ သာစည်ရပ်ကွက်မှ နေမိုးလွင်တို့ ငါးဦး စာရင်းကို အတိအကျ ရရှိထားပြီး ဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။

ယာဉ်မောင်းသူမှာ ဗန်းမော်မြို့နယ် ရွှေကျီးနားကျေးရွာမှ ကိုချစ်သဲ ဖြစ်ပြီး ၎င်းအား ဗန်းမော် ရဲစခန်းက ဖမ်းဆီး၍ အမှုဖွင့် အရေးယူထားသည်ဟု ရဲစခန်းမှ တာဝန်ရှိသူများက ပြောသည်။

သေဆုံးသူများ လျော်ကြေး ရရှိရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ လုပ်ဆောင်နေခြင်း မရှိသေးသော်လည်း ကယ်ဆယ်ရေးတွင် ကူညီနေသော ရေငုပ်သည့် အဖွဲ့အား ရှပ်ပြေးအဖွဲ့ ဥက္ကဋ္ဌ ဦးစော က ကျပ်သိန်း ၉ သိန်းပေးခဲ့သည်ဟု ဦးအောင်သိန်း က ပြောသည်။

ယခုချိန်ထိ သက်ဆိုင်ရာမှ ကယ်ဆယ်ရေးကော်မတီဖွဲ့စည်းခြင်း မရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်မှု အားနည်းနေကြောင်း ဦးအောင်သိန်း က ဝေဖန်လိုက်သည်။

“ဗန်းမော်မှာက အုပ်ချုပ်ရေး နည်းနည်းညံ့ဖျင်းတယ်။ ကော်မတီတွေ မဖွဲ့ဘဲနဲ့ ကယ်ဆယ်ရေး လုပ်တဲ့အခါမှာ ရှပ်ပြေးသမားတွေကိုပဲ လုပ်ခိုင်းတဲ့သဘော။ NLD တို့၊ ပြည်ခိုင်ဖြိုး၊ အရပ်သား လူမှုအဖွဲ့တွေ ဝိုင်းဝန်းပြီးတော့ လုပ်ကြတာပဲ ရှိတယ်” ဟု ဆိုသည်။

မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ပိုင်ရှင်သည် ကသာမြို့မှ သစ်ကုန်သည် ဦးဇော်ဝိတ် ဖြစ်ပြီး ၎င်းသည် မြမင်းအောင် (၂)တွင် ကျွန်းသစ်များ သယ်ဆောင်လာသဖြင့် သက်ဆိုင်ရာက ဖမ်းဆီးကာ အမှုရင်ဆိုင်နေရသည်ဟု သိရသည်။

ယခင်က ကသာ- ရွှေဂူကြား သံပရာကုန်းတွင် တကြိမ် တိမ်းမှောက်ခဲ့ရာတွင် လူအများအပြား သေဆုံးခဲ့ရသဖြင့် ယင်းသို့ ထပ်မံ မဖြစ်ပွားစေရန် ယခင် ဗန်မော်မြို့ ဥက္ကဋ္ဌဟောင်း ဦးလှရွှေက ဇွန်လ ၂၅ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ရဲ စသည့် အုပ်ချုပ်ရေးများသို့ စာတင်ခဲ့သော်လည်း ယခုထိ မည်သို့ အရေးယူပေးခြင်း မရှိခြင်း၍ ယခုကဲ့သို့ ထပ်မံ ဖြစ်ပွားရသည်ဟု သူက ဆိုသည်။

နစ်မြုပ်ရေယာဉ်အား ယခုချိန်ထိ ပြန်လည်ဆွဲတင်နိုင်၍ မရနိုင်သေးကြောင်း သိရသည်။

ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေချိန်မှာ မိုးရွာနေပြီး နည်းပညာပိုင်းနှင့် စက်ကိရိယာပစ္စည်း အသုံးပြုနိုင်ခြင်း မရှိဘဲ လူအားဖြင့်သာ လုပ်ဆောင်နေရသဖြင့် နည်းကွေးနေသည်ဟု ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates