Wednesday, July 18, 2012

ဂျပန် ကားဟောင်းဈေးကွက် လိမ်ညာမှုများရှိနေဟု ဂျပန်လုပ်ငန်းရှင်ပြော

အောင်မြတ်ထွန်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံသို့ တပတ်ရစ်ကားများ ရောင်းချရာတွင် လိမ်ညာရောင်းချမှုများ ရှိနေကြောင်း ဂျပန် ကားဝန်ဆောင်မှု ကုမ္ပဏီတခုဖြစ်သော Light Group ၏ ဥက္ကဋ္ဌ မစ္စတာ တာနာကာ နိုဘူယူကီ က သတိပေးလိုက်ပြီး မြန်မာနိုင်ငံမှ ကားတင်သွင်းရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာရန် ဖိတ်ခေါ် လိုက်သည်။

“ဂျပန်နိုင်ငံမှာ ကားလေလံ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ၁၄၀ လောက် ရှိပါတယ်။ မှန်မှန်ကန်ကန်
ရောင်းချတဲ့ ကုမ္ပဏီတွေ ရှိသလို လိမ်ညာရောင်းသူတွေလည်း ရှိပါတယ်” ဟု မစ္စတာ တာနာကာ နိုဘူယူကီ က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ဇူလိုင် ၁၄ ရက်နေ့က ပြုလုပ်သော ကားလုပ်ငန်း ဆီမီနာ၌ ပြောကြားသွားခဲ့သည်။

Light Group ကုမဏီက ဂျပန်သို့ သွားရောက်လေ့လာလိုသော မြန်မာ လုပ်ငန်းရှင်များအတွက် အခကြေးငွေယူ ဝန်ဆောင်မှုပေးနေပြီး တဦးလျှင် မြန်မာ ကျပ်ငွေ ၅၅ သိန်း ကုန်ကျမှာ ဖြစ်သည်။ ၇ ရက်တာ လေ့လာရေး ခရီးစဉ်တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ပေးခြင်းနှင့် ခရီးစားရိတ်များ၊
နေထိုင်စားသောက်စားရိတ်များပါ ပါဝင်သည်။

မြန်မာသို့ တပတ်ရစ်ကားများ တင်ပို့ရောင်းချရာတွင် ဂျပန်ကုမ္ဗဏီအချို့ လိမ်ညာမှုရှိနေဟု တာနာကာ နိုဘူယူကီ က ပြောကြား

အချို့ဂျပန်နိုင်ငံမှ ကား လေလံကုမ္ပဏီများသည် မိမိတို့ထံတွင် အမှန်တကယ် မရှိသော ကားများကို လေလံ အင်တာနက် စာမျက်နှာများပေါ်တွင် တင်ကာ ရောင်းချတတ်ကြပြီး အရောင်းအဝယ် တည့်သွားပါက အခြား ဆင်တူရိုးမှား ကားများကို ရှာဖွေပို့ပေးတတ်ကြောင်း မစ္စတာ တာနာကာ နိုဘူယူကီ က ဆိုသည်။

၂၀၁၁ ခုနှစ်၊ စက်တင်္ဘာလမှ စတင်ခဲ့သော ကားတင်သွင်းခွင့် ပါမစ်များ ထုတ်ပေးမှုကြောင့်
မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံမှ တပတ်ရစ်ကားများ ဝယ်ယူသည့် နိုင်ငံများတွင် ရုရှားနိုင်ငံပြီးလျှင် ဒုတိယ  အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၂၀၁၁ ခုနှစ်၊ စက်တင်္ဘာလမှ စတင်ပြီး ကားဟောင်းအပ်နှံ ကားသစ် တင်သွင်းခွင့် ပေးသည့် အစီအစဉ်အရ ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ် မော်ဒယ်အထိ တပတ်ရစ်ကားများကို တင်သွင်းခွင့်ပြုခဲ့ပြီး ၂ဝ၁၂ ခုနှစ် မေလ ဒုတိယပတ်မှ စတင်ကာ နိုင်ငံသားတိုင်း နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်လှစ်ကာ ၂၀၀၇ ခုနှစ်နှင့် အထက် မော်ဒယ်ကားများကို တင်သွင်းခွင့် ပေးခဲ့သည်။

၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်ထုတ် ကားသစ်များကိုပါ တင်သွင်းခွင့် ပြုသော်လည်း ဈေးနှုန်းသက်သာမှုကြောင့် ကားဟောင်း ဈေးကွက်သာ တွင်ကျယ်လျက်ရှိသည်။

မြန်မာနိုင်ငံမှ ကားတင်သွင်းရောင်းချသည့် လုပ်ငန်းရှင်များသည် ဂျပန် တပတ်ရစ် ကားဈေးကွက်ကို မျက်ဝါးထင်ထင် သွားရောက်လေ့လာသင့်ပြီး ဂျပန်နိုင်ငံတွင် မြန်မာ ကုမ္ပဏီခွဲများ ဖွင့်လှစ်လုပ်ကိုင်ပါက ပိုမိုအဆင်ပြေမည်ဟုလည်း တာနာကာ နိုဘူယူကီက ပြောသည်။

ဂျပန်နိုင်ငံတွင် ကားကုမ္ပဏီများသည် ပြည်ပမှ ကားဝယ်ယူသူများကိုသာ အဓိက အားထားရလျက်ရှိကာ အချို့ကား အရောင်းစင်တာများသည် မိမိတို့ကားများကို ရောင်းချရရေးအတွက် ဈေးကွက်မြှင့်တင့်မှုများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ရလေ့ရှိသည်ဟု Light Group ၏ မိတ်ဖက် ကုမ္ပဏီတခုဖြစ်သော ယွန်းနဒီဦး အထွေထွေ ဝန်ဆောင်မှုကုမ္ပဏီမှ ဒါရိုက်တာ ဦးဇော်လွင်သန်း က ပြောသည်။

လက်ကျန် သက်တမ်းရင့် ကားများထဲမှ အစိုးရဌာနဆိုင်ရာများမှ အသုံးပြုပြီး ပြန်လည်လေလံတင်
ရောင်းချထားသော လေလံအောင် အက္ခရာမြင့် မော်ဒယ်နိမ့် ကားဟောင်းများနှင့် ‘ဗ’ အက္ခရာမှ စတင်ကာ မှတ်ပုံတင် သက်တမ်း ၂၀ ကျော် ကားဟောင်းများကို အပ်နှံကာ ကားတင်သွင်းခွင့် အစီအစဉ်များကို ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်နေ့တွင် ထပ်မံကြေညာခဲ့သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၂ ခုနှစ် ဇွန်လ အထိ နှစ်ပေါင်း ၂၀ ကျော်မှ ၄၀ ကျော်အထိ အက္ခရာ ‘စ’ မှ ‘ပ’ အက္ခရာအထိ ကားဟောင်းများကို အပ်နှံကာ ကားအစီးရေ ၅၀,၀၀၀ ကျော် တင်သွင်းခွင့် ပေးခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates