Thursday, July 12, 2012

ဒေါ်စု အဆိုနှင့် မေးခွန်းများတွင် ဝင်ရောက်ဆွေးနွေးမည်

ဝေစန္ဒာ | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၃၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကျင်းပဆဲ စတုတ္တအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ အဆိုနှင့် မေးခွန်းများတွင် ဝင်ရောက်ဆွေးနွေး ရန်ရှိသည်ဟု NLD ပြောခွင့်ရနှင့် ပြည်သူ့လွှတ်တော်အမတ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

"အခု လွှတ်တော်အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဘာတွေ ၀င်ဆွေးနွေးမယ်ဆိုတာတော့ ကျနော်တို့ပြောလို့မရပါဘူး။" ဟု ဦးအုန်းကြိုင်က ပြောသည်။ လွှတ်တော်တွင်း ဆွေးနွေးခြင်း မရှိသေးသည့် အဆိုနှင့် မေးခွန်းများကို မီဒီယာများသို့ ထုတ်ဖော်ပြောဆိုခြင်း မပြုရန် ကန့်သတ် ထားသည်ဟုလည်း ဦးအုန်းကြိုင်က ဆိုသည်။

NLD အနေဖြင့် လတ်တလောအခြေအနေတွင် အဆို ၃ ခု တင်သွင်းရန်ရှိပြီး၊ မေးခွန်း ၅ ခု မေးမြန်းရန် ပြင်ဆင်ထား ပြီးဖြစ်သည်ဟုလည်း ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။

NLD သည် ဇူလိုင်လ ၃ရက်နေ့တွင် လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူးအဖြစ် ဦးဝင်းမြင့်တို့ဖြင့် အဖွဲ့ဝင် ၇ ဦး ပါဝင် ဖွဲ့စည်းခဲ့သည်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ဆိုင်ရာအရာရှိအဖြစ် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်ကို ဇူလိုင် ၃ရက်နေ့တွင် တာဝန်ပေးခန့်အပ်ခဲ့သည်။

ဇူလိုင်လ ၄ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် စတုတ္တအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးတွင် အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များသည် တခြားသောလွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုများ၊ မေးခွန်းများတွင် ပါဝင်ဆွေးနွေးခဲ့ ကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates