Wednesday, April 18, 2012

ဇွန်လအတွင်း ဒေါ်စု ဗြိတိန်နှင့် နော်ဝေသို့ သွားမည်

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးသော နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နှင့် နော်ဝေနိုင်ငံများသို့ ခရီးသွားရောက်ရန်ရှိသည်ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“ဟုတ်ပါတယ်၊ ဇွန်လထဲမှာ သွားဖို့ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၁၉၈၈ ခုနှစ်က နာမကျန်းဖြစ်နေသည့် မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုရန်  မြန်မာနိုင်ငံသို့
ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်လာအပြီး ပထမဆုံးအကြိမ် လည်ပတ်မည့် ပြည်ပ ခရီးစဉ် ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် David Cameron သည် ဒေါ်အောင်ဆန်းစုကြည်ကို “သူမြတ်နိုးလှသည့် Oxford” သို့ ပြန်လည် လာရောက်လည်ပတ်ရန် ဖိတ်ကြား (ဓါတ်ပုံ မဇ္ဈိမ)

ဗီဇာ လျှောက်ထားမှုနှင့် နိုင်ငံကူးလက်မှတ်တို့နှင့် ပတ်သက်၍ မိမိအနေဖြင့် သိရှိထားမှုမရှိသော်လည်း
မြန်မာအစိုးရ အနေဖြင့် ဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

ဧပြီလ ၁၃ ရက်နေ့အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို “သူမြတ်နိုးလှသည့် Oxford” သို့ ပြန်လည် လာရောက် လည်ပတ်ရန် သောကြာနေ့က တွေ့ဆုံစဉ် ဖိတ်ကြားခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူသာ ဆန္ဒရှိမယ်ဆိုရင် ဒီနိုင်ငံကနေ ထွက်ခွါသွားဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တော့မှာ ပြန်လာခွင့်ပြုမှာ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဂျွန်လထဲမှာ ယူကေနိုင်ငံကို လာဖို့ ကျနော် ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ ခင်ဗျားမြတ်နိုးလှတဲ့ Oxford ကိုလည်း သွားလည်ဖို့ပေါ့။ ဒီတခါတော့ သွားလို့ရော ပြန်ဝင်လို့ရော ရမယ်လို့ ထင်ပါတယ်” ဟု မစ္စတာကမရွန်းက ဖိတ်ကြားလိုက် သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မဆိုင်းမတွပင် “လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းတုန်းကတော့ ဒီလိုဖိတ်ခေါ်မှုမျိုးကို ကျမက ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး စိတ်မကောင်းစွာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်အခုတော့
ဖြစ်ကောင်း ဖြစ်လာနိုင်ခြေ ရှိပါတယ်လို့ ကျမ ပြောနိုင်ပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

Oxford တက္ကသိုလ်တွင် ၁၉၇ဝ စုနှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့ပြီး ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ်လည်း ထိုတက္ကသိုလ်မှ ပါရဂူတဦး ဖြစ်ခဲ့သည်။

နော်ဝေနိုင်ငံ နိုဘယ်ကော်မတီကလည်း ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်က ချီးမြှင့်ခဲ့သည့် နိုဘယ် ငြိမ်းချမ်းရေးဆုကြီး လက်ခံရရှိသည့် မိန့်ခွန်းစကား ကိုယ်တိုင် လာရောက်ပြောကြားရန် အော်စလိုသို့
ရောက်ရှိလာမည် ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်သည်။

နော်ဝေနိုင်ငံသည် မြန်မာ့ ဒီမိုကရေစီအရေးကို အစဉ်ထောက်ခံအားပေးခဲ့ပြီး မိမိ ပြည်ပနိုင်ငံများကို သွားရောက်ခွင့် ရပါက ပထမဆုံး သွားရောက်မည့်နိုင်ငံသည် နော်ဝေနိုင်ငံဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့်အတူ နော်ဝေနိုင်ငံတွင် ဧပြီလ ၁၅ ရက်နေ့ ကတည်းက ရောက်ရှိနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင် ဒေါက်တာကျော်ရင်လှိုင်က နော်ဝေနိုင်ငံရှိ NGO များမှ တာဝန်ရှိသူများက သမ္မတ ဦးသိန်းစိန် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်တို့ကို နော်ဝေသို့ အလည်လာရောက်
စေချင်ကြသည်ဟု မဇ္ဈိမကို ပြောသည်။

“NGO ခေါင်းဆောင်တွေက အစပေါ့။ သမ္မတကြီးကော ဘယ်တော့လာမှာလဲ။ ဒါမျိုးတွေကအစ သူတို့မေးလာကြ တယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့ ဖိတ်ချင်တယ် ဒါမျိုးတွေ ပြောတယ်” ဟု ဒေါက်တာ
ကျော်ရင်လှိုင်က ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၇ နှစ်မြောက်မွေးနေ့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနှင့်
ပြည်ပနိုင်ငံတွင် ကျင်းပဖွယ်ရှိသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates