Tuesday, August 2, 2011

SSC နှင့် Hot News ကျေအေးပြီ

သဲသဲ| အင်္ဂါနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၁ မိနစ်

နယူးဒေလီ(မဇ္ဈိမ) ။       ။ ရန်ကုန်မြို့ရှိ ရွှေဂုံတိုင် အထူးကုဆေးရုံ SSC ၏ ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဆေးရုံ ဘက်မှ ဖြေရှင်းချက်ကို Hot News ဂျာနယ်တွင် ဖော်ပြပေးမည့် သဘောတူညီချက်ဖြင့် ဆေးရုံဘက်က ဂျာနယ် အပေါ် စွဲဆိုထားချက်များကို ပြန်လည်ရုပ်သိမ်းကာ ကျေအေးလိုက်ကြသည်။

SSC ဆေးရုံကို အသေရေ ပျက်စေသည် ဆိုသော Hot News ဂျာနယ်ပါ ဆောင်းပါး တပုဒ်ကြောင့် အယ်ဒီတာချုပ် ဒေါ်ဟမာ (ခ) မမနှင့် ဂျာနယ်အား နစ်နာကြေး ကျပ်သိန်းပေါင်း ၂ သောင်းရလိုသော တရားစွဲဆိုမှုကို ပြန်လည် ရုပ်သိမ်းပေးလိုက်ခြင်း ဖြစ်သည်။

ရွှေဂုံတိုင် အထူးကုဆေးရုံ SSC ဆေးရုံက Hot News ဂျာနယ် အပေါ်
စွဲဆိုထားချက်များကို ပြန်လည်ရုပ်သိမ်းကာ ကျေအေး (ဓါတ်ပုံ မဇ္ဈိမ)
နစ်နာကြေးအတွက် ရန်ကုန်တိုင်း တိုင်းဒေသကြီး တရားရုံးတော်တွင် အမှုကို စတင်ကြားနာရန် ချိန်းဆိုထားသော ဇွန်လ ၂၉  ရက်နေ့တွင်ပင် တရားရုံးတော်သို့
အမှုကျေအေးလွှာ တင်သွင်းကာ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု SSC ၏ အမှုလိုက် ရှေ့နေ ဦးရဲမြင့်က ပြောသည်။

“ကျနော်တို့ နှစ်ဘက်အကျိုးကို လိုလားသူ တယောက် က နေပြီးတော့ စေ့စပ် ညှိနှိုင်းပေးမှုနဲ့ နှစ်ဘက် သဘောတူညီချက်ရလို့  ရုပ်သိမ်းလိုက်တာပါ။

Hot News က ဆေးရုံကို အင်တာဗျူးလုပ်ပြီး ဆေးရုံဘက်က ဖြေရှင်းချက်ကို သူတို့ဂျာနယ်မှာ ဖော်ပြပေးလိမ့်မယ်” ဟု ဦးရဲမြင့်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ဗဟန်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသော အသရေဖျက်မှု အတွက်လည်း အမှုကြားနာရန် ချိန်းဆိုထားသည့် သြဂုတ် ၅ ရက်နေ့တွင် ကျေအေးလွှာ တင်သွင်းသွားမှာ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

SSC ဆေးရုံ၏ အစုရှယ်ယာဝင် တဦးဖြစ်သော ကမ္ဘောဇဘဏ် သူဌေး ဦးအောင်ကိုဝင်း၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် ဒေါ်မမနှင့်  ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့တို့ နှစ်ကြိမ်တိုင် တွေ့ဆုံပြီး ပြေလည်မှု ရခဲ့ခြင်း ဖြစ်သည်။

ဒေါ်မမသည် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်မောင်သန်း၏ သမီးဖြစ်ကာ၊ ခင်ပွန်းမှာလည်း စစ်တပ်မှာ အရာရှိဟောင်း တဦး ဖြစ်သည်။ ပေဖူးလွှာ မဂ္ဂဇင်း အမှုဆောင် အယ်ဒီတာချုပ်နှင့် Faces မဂ္ဂဇင်း ထုတ်ဝေသူအဖြစ် လုပ်ကိုင်နေသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates