Wednesday, August 17, 2011

အစိုးရကို SSA-N ပြန်လည်စွပ်စွဲ

ကွန်းချမ်း| ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ် မန်စန့်ကျေးရွာရှိ အဖိတ်နေ့ ဈေးအတွင်း ရှမ်းပြည်တပ်မတော်
မြောက်ပိုင်း SSA-N က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရသွားခဲ့သည် ဆိုသော အစိုးရသတင်းစာ၏ စွပ်စွဲချက်ကို SSA-N က ငြင်းဆိုပြီး အစိုးရတပ်၏ လုပ်ရပ်သာ ဖြစ်ကြောင်း ပြန်လည်စွပ်စွဲသည်။

“ကျနော်တို့ ဒေသခံ လူထုတွေပဲ၊ ကျနော်တို့ လူမျိုးစုတွေပဲ။ အကြောင်းမဲ့ ကျနော်တို့ မလုပ်ပါဘူး။ ဒီလောက် လက်နက်ကြီးနဲ့ ပစ်တာ ကျနော်တို့က အရမ်းလည်း မလုပ်ပါဘူး၊ တိုက်ပွဲမှာတောင် မဖြုန်းရဲဘူးလေ။ ကျနော်တို့
ချွေတာပြီး လုပ်နေရတာလေ၊ သူတို့လို ဖောဖောသီသီ မရှိဘူးလေ။ အဲဒါကြည့်ခြင်းအားဖြင့် ဘယ်သူလဲ ဆိုတာ သိနိုင်ပါတယ်” ဟု SSA-N ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက မဇ္ဇျိမကို ပြောသည်။

SSA မြောက်ပိုင်း အနေနှင့် လူမျိုးရေး ခွဲခြားမှု၊ အကြောင်းမဲ့ သတ်ဖြတ်စော်ကားမှု မုဒိန်းကျင့်မှုများ အပါအဝင် လူထု ထိခိုက်နစ်နာစေသည့် လုပ်ရပ်များ မလုပ်ဆောင်ရန် ဇွန်လ ၁၆ ရက်နေ့မှ စပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ကိုယ်တိုင် အမိန့်ထုတ်ထားခဲ့သည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

“ကျနော်တို့ ရွာသူရွာသား ပြည်သူလူထု ထိခိုက်မှာ စိုးလို့ ကျနော်တို့ ရွာထဲတောင် မနေဘူးခင်ဗျ။ တိုက်ပွဲဖြစ်ပြီး သူတို့က ရွာထဲ ဘုန်းကြီးကျောင်းထဲတို့ ပြေးဝင်ပြီဆိုရင် ရွာသားတွေနာမှာ စိုးလို့ ကျနော်တို့ မတိုက်တော့ဘူး” ဟု သူက ပြောသည်။

ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဈေးအတွင်း ဈေးသွားဈေးလာများ စည်ကားလျက် ရှိနေစဉ် SSA (ဝမ်ဟိုင်း) အဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ရာမှ ၄ဝ မမ ဗုံးသီး ခြောက်လုံး ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ငါးဦး ဗုံးစထိမှန် ဒဏ်ရာ ရရှိပြီး၊ မန်စန့်ရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်း
နေအိမ် မီးလောင် ပျက်စီးခဲ့သည်ဟု ရေးသားသည်။

SSA ကမူ မိုင်းရယ် အခြေစိုက် ခမရ ၃၂၅ ၏ မန့်စန်ရွာ တောင်ဘက်ရှိ တပ်စခန်းခွဲမှ ရွာတွင်းသို့ လက်နက်ကြီး ၂၄
လုံး ပစ်ခတ်မှုကြောင့် ကလေး ၃ ဦး အပါအဝင် ၉ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၅ဝ ကျော် ရွာသား ၄ ဦးလည်း ရိုက်နှက် စစ်ဆေးခံခဲ့ရသည်ဟု ပြောသည်။

၎င်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းလုံးဆိုင်အိမ် မီးလောင်ပျက်စီးကာ အတွင်းရေးမှူး စိုင်းလုံးလွန်းအိမ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး အိမ်ကို ဖျက်ဆီးခဲ့သည်ဟု ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် SSA တပ်သား ၂ ဦး အရပ်ဝတ်ဖြင့် မန်စန့်ဈေးသို့ ဈေးဝယ်ထွက်စဉ်
ခမရ ၃၂၅ မှ တပ်သား ၂ဝ ခန့် ဈေးတွင်သို့ ဝင်ရောက်လာပြီး ဈေးဝယ်သူများကို စစ်ဆေးမေးမြန်းရာမှ SSA တပ်သား ၂ ဦးက တိမ်းရှောင်ကာ ဈေးဝတွင် ကင်းစောင့်နေသည့် တပ်သားတဦးကို ဓားဖြင့်ခုတ်ကာ လက်နက်လုယူခဲ့ရာမှ အစိုးရတပ်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု SSA က ပြောသည်။

လက်ရှိတွင် ဝမ်ဟိုင်းဌာနချုပ်ကို သိမ်းရန်အတွက် အစိုးရတပ်ရင်း ၁ဝ ရင်းက ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း
၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင်အကွာတွင် တပ်စွဲထားသည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

ဇူလိုင်လ ၁၁ ရက်မှစ၍ အစိုးရတပ်က ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ ယနေ့တိုင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသအတွင်းရှိ ရွာပေါင်း ၂ဝ ကျော်မှ ရွာသား ၂ ထောင်ကျော် ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေရကာ ကျောင်း ၁၅ ကျောင်းကိုလည်း ပိတ်ထားရဆဲ ဖြစ်သည်။

စစ်အစိုးရနှင့် SSA-N တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အပြစ်မဲ့ပြည်သူ ၃ သောင်းကျော် ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး လူသားချင်း စာနာသည့် အထောက်အပံ့များ လိုအပ်နေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်းနှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်တို့က သြဂုတ်လ ၁ဝ ရက်နေ့တွင် ပူးပေါင်း ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြပါရှိသည်။

မြန်မာ့အလင်း သတင်းစာပါ ထိခိုက်ဒဏ်ရာရသူများ
၁။ မောင်စိုင်းခမ်းပန်           (၆) နှစ်
၂။ မနန်းမွေခေါင်               (၁ဝ) နှစ်
၃။ မနန်းရွှေစိန်                 (၂၃) နှစ်
၎။ ဦးလုံးမောင်                 (၄ဝ) နှစ်
၅။ ဦးလုံးစော                   (၄ဝ) နှစ်

SSA-N ဘက်မှ ပြောသည့် ဒဏ်ရာ ရရှိသူများနှင့် ရိုက်နှက် စစ်ဆေးခံရသူများ

ဒဏ်ရာ ရရှိသူများ
၁။ စိုင်းခမ်း               (၆) နှစ်
၂။ စိုင်းအွန်              (၁၁) နှစ်             အဖ (လွန်းမောင်ယောဝ်း)
၃။ နန်းဖောင်း           (၁၁) နှစ်             အဖ (လွန်းလူ)
၎။ လွန်းမောင်ယောဝ်း (၅၃) နှစ်
၅။ လွန်းလူ              (၆၅) နှစ်
၆။ နန်းရွှေစိန်           (၂၆) နှစ်
၇။ နန်းဖွန်း              (၂၄) နှစ်             အဖ (ဦးနာလီ)
၈။ နန်းကျိန်             (၂၆) နှစ်             အဖ (လွန်းဖော)
၉။ ဦးစောရ              (၄၅) နှစ်

ရိုက်နှက်စစ်ဆေးခံရသူများ

၁။ ဦးတင့်မာ        (၅ဝ) နှစ်
၂။ ဦးကောလူ       (၅ဝ) နှစ်
၃။ ဦးစိတ္တ            (၅ဝ) နှစ်
၎။ ဦးစာအောင်     (၅၁) နှစ်

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates