Wednesday, August 3, 2011

NLD ရပ်တည်ရေး လူအခွင့်အရေး ကောင်စီကို တိုင်တော့မည်

ကျော်ခ| ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း မြန်မာ အစိုးရသစ်က တရားမဝင်ဟု ဆိုနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပါတီ ရပ်တည်ရေးအတွက် ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ ယခုရက်သတ္တပတ် အတွင်း တိုင်ကြားတော့မည် ဖြစ်သည်။

ယခင် နအဖ စစ်အစိုးရ လက်ထက်နှင့် အစိုးရသစ် ပေါ်ပေါက်လာသည့် ကာလအတွင်း ပါတီရပ်တည်ခွင့် ရရန် တရားဝင် ဥပဒေ လမ်းကြောင်းမှ အကြိမ်ကြိမ် ကြိုးစားခဲ့မှုများကို ပယ်ချခံခဲ့ရသဖြင့် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ၏ ဥပဒေရေးရာ အကြံပေး ပုဂ္ဂိုလ်များ ဖြစ်သည့် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့ ဇူလိုင်လ ဒုတိယပတ်ထဲတွင် ဆွေးနွေးခဲ့ကြပြီး ယခု သြဂုတ်လ ပထမ ပတ်အတွင်း အပြီးတင်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း NLD က ပြောသည်။

“ကျနော်တို့က ဒီတပါတ်အတွင်း အပြီးတင်မှာပါ။ တင်မယ့် အကြောင်းအရာ အပြည့်အစုံနဲ့ နေ့ရက်တွေကိုတော့ မတင်ရသေးခင်မှာ ထုတ်ပြောလို့ မရသေးပါဘူး” ဟု ပါတီ၏ ဥပဒေရေးရာ အကြံပေး တဦးဖြစ်သည့် ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပါတီ ရပ်တည်ရေးအတွက် ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ ယခုရက်သတ္တပတ် အတွင်း တိုင်ကြားတော့မည် (ဓါတ်ပုံ မဇ္ဈိမ)

NLD သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်များက လွှတ်တော် ခေါ်ပေးခြင်း မရှိခဲ့ခြင်း မရှိသည့်အပြင် ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ပါတီ နိုင်ငံရေး အဖွဲ့အစည်း၏ ရပိုင်ခွင့်များကို ချိုးဖောက်ခံရခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ ကိုလုပ်ကြံခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု၊ နိုင်ငံကို အုပ်ချုပ်မည့် ပုဂ္ဂိုလ်အား နိုင်ငံတွင်းရှိ လူထုက ရွေးချယ်ခွင့် မရရှိသည့် အချက်များကို အခြေခံကာ တင်ပြသွားဟု သိရသည်။

စစ်ဗိုလ်ချုပ်များ စိတ်ကြိုက် ရေးဆွဲခဲ့သည်ဟု ဆိုကြသည့် ၂ဝဝ၈ အခြေခံ ဥပဒေ နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများကို မျှတမှု မရှိဟု ဆိုကာ NLD ပါတီက ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်ခြင်း မပြုဘဲ နေခဲ့သည်။

ပါတီမှတ်ပုံခြင်း မပြုသဖြင့် ပါတီ၏ တရားဝင်မှု ပျက်ပြယ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့တွင် ကြေညာခဲ့သည်။

ယင်းသို့ ကြေညာအပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ တရားဝင် ရပ်တည်ရှိခွင့်ရှိကြောင်း အယူခံ တင်သွင်းမှုများ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ တရားရုံးမှ အဆင့်ဆင့် လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ထို့ကြောင့် ယခုကဲ့သို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအား တင်ပြရခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

NLD ကဲ့သို့ပင် တရားဝင်ပါတီအဖြစ်မှ ပယ်ဖျက်ခြင်း ခံရသည့် ၁၉၉ဝ ရွေးကောက်ပွဲဝင် ပါတီများလည်း ရှိသည်။

သို့သော်လည်း လတ်တလော ကမ္ဘာ့ကုလမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် တင်ပြရာ၌ ၎င်းတို့ကို လက်တွဲ ခေါ်ဆောင်သွားဦးမည် မဟုတ်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အလားတူ ယင်းပါတီများကလည်း လူ့အခွင့်အရေး ကောင်စီ အနေဖြင့် မြန်မာနိုင်ငံ အစိုးရအပေါ် သြဇာပေး လုပ်ဆောင်နိုင်မှု ရှိမည် မဟုတ်ဟု ယူဆသဖြင့် လောလောဆယ် စောင့်ကြည့် နေသည့် အနေအထား၌သာ ရှိသည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့ UNA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇိုမီး အမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန် က ပြောသည်။

UNA ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တိုင်းရင်းသား လူမျိုးပါတီများဖြင့် ဖွဲ့စည်းထားသည်။

“ သူတို့ (NLD) လုပ်သလို့ UN တို့ ဘာတို့မှာ လုပ်တာလည်းပဲ မြန်မာပြည်မှာရှိတဲ့ ရုံးမဟုတ်တော့ ပေါ်လစီလောက်ပဲ ဖြစ်မယ် ထင်တယ်လေ။ အဲဒါကြောင့် ကျနော်တို့က စောင့်ကြည့်ရမယ့် အနေအထားလောက်ပဲ ရှိပါတယ်။ UN ကလည်း ဒီအစိုးရကို ပြောပိုင်ခွင့်လည်း သိပ်ရှိမှာ မဟုတ်ဘူးလို့ မြင်တယ်။ အဲဒါကြောင့် ကျနော်တို့က စောင့်ကြည့်နေတုန်း အနေအထားလို့ ပြောတာ ပါ” ဟု ပူကျင့်ရှင်းထန် က မဇ္ဈိမကို ပြောသည်။

NLD အနိုင်ရခဲ့သည့် ၁၉၉ဝ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆယ်စုနှစ် နှစ်ခုတိုင် နှစ်စဉ် ချမှတ်ခဲ့သော်လည်း ယင်းဆုံးဖြတ်ချက်မှာ မဖြစ်မနေ လိုက်နာရမည့် ဆုံးဖြတ်ချက် မဟုတ်သောကြောင့် မြန်မာ စစ်အာဏာပိုင်များက လစ်လျူရှုခဲ့သည်။

စစ်ခေါင်းဆောင်များက ၂ဝဝ၃ ခုနှစ်တွင် လမ်းပြမြေပုံ ၇ ချက် ကို ကမ္ဘာသို့ ချပြပြီး စစ်ဗိုလ်ချုပ်ကြီးများ ထူထောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတ အဖြစ် ဦးဆောင်သည့် အမည်ခံ အရပ်သား အစိုးရထံ ၂ဝ၁၁ မတ်လကုန်တွင် အာဏာ လွှဲပြောင်းပေးခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates