Friday, August 12, 2011

တိုင်းပြည် ငွေကြေး လည်ပတ်မှုမှာ မထုတ်ပြန်သင့်သော အရာဟု ဝန်ကြီးပြော

ဖနိဒါ | သောကြာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၈ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံတွင်း ငွေကြေး လည်ပတ်မှု ပမာဏနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်း မရှိသည့် အပေါ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက “အမျိုးသား အကျိုးစီးပွား ဖြစ်သည်” ဟုဆိုကာ ဖြေဆိုရန် ငြင်းဆန် သွားသည်။

ပြည်ထောင်စု အစိုးရ အဆင့် သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော်တွင် သောကြာနေ့က နှစ်ပိုင်းခွဲ ကျင်းပပြီး ပထမတပိုင်းတွင် ဦးကျော်ဆန်းက ၁ နာရီနှင့် မိနစ် ၄ဝ ကြာ လက်ရှိ ဖြစ်ပွားနေသော ကချင်လွတ်မြောက်ရေး
အဖွဲ့နှင့် ပဋိပက္ခကို အဓိကထား ပြောကြားသွားခဲ့ကာ ဒုတိယပိုင်းတွင် သတင်းထောက်များ၏ မေးမြန်းမှုများကို
ဖြေကြားခဲ့သည်။

စာတမ်း ဖတ်ကြားမှုတွင် အစိုးရတပ်တို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ကို “သူခိုးက လူဟစ်တယ်” ဟု ဝန်ကြီး ဦးကျော်ဆန်းက ပြောဆိုသွားသည်(ဓါတ်ပုံ မဇ္ဈိမ)

သတင်းထောက် တဦးက ၁၉၉၇ ခုနှစ်အထိ တိုင်းပြည် ငွေကြေး လည်ပတ်မှုနှင့် ပတ်သက်၍ အစိုးရက ထုတ်ပြန် ခဲ့ကြောင်းနှင့် ယခုအခါ ထုတ်ပြန်ခြင်း မရှိသည့်အပေါ် မေးမြန်းရာ “ အဲဒါက အမျိုးသား အကျိုးစီးပွားရေးအရ သတင်းသမားတွေကို မေးမရ၊ မသိရတဲ့ဟာတွေ ရှိပါတယ်” ဟု ဦးကျော်ဆန်းက ပြန်လည် ဖြေကြားသွားသည်။

၁၁ ဦးပါဝင်သည့် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ကို ဦးကျော်ဆန်းက ခေါင်းဆောင်သည်။

သဘောထား တင်းမာသူဟု ရည်ညွှန်းခံရလေ့ ရှိသော ဝန်ကြီးမှာ သတင်းစာ ရှင်းလင်းပွဲ၌ မျက်ရည်
လည်သွားခြင်းက တက်ရောက်လာသော သတင်းထောက်များကို အံ့အားသင့် ပြောစမှတ်တွင် သွားသည်။

သတင်းထောက်တဦးက ကန့်ကွက်မှုများနေသော မေခ၊ မလိခ မြစ်ပေါင်းဆုံရာ မြစ်ဆုံတွင် ရေအားလျှပ်စစ် မဂ္ဂါဝပ် ၆ဝဝဝ ထုတ်မည့် ဆည်ကာတာ စီမံကိန်းကို ရပ်တန့်ရန် ရှိပါသလားနှင့် ငွေစက္ကူ အသစ်များ ရိုက်နှိပ် ထုတ်ဝေရန် ရှိပါသလားဆိုသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် မြစ်ဆုံစီမံကိန်းမှာ ကြီးကြီးမားမား ပြဿနာ မရှိကြောင်း
နှင့် အမြင်ကွဲပြားမှုများသာ ဖြစ်သည်ဟု ဖြေကြားသည်။

ထို့နောက် အမေရိကန် ဆန်ရှင် ပိတ်ဆို့ထားမှုကိုပါ ထည့်ပြောကာ အတိုက်အခံများက “နိုင်ငံတော် လုပ်သမျှ အကောင်း မမြင်တာပါ” “အရင်ကတည်းက ခေါင်းဆောင်ကြီးတွေက စေတနာ ရှိခဲ့ပါတယ်” ဟု ပြောရင်း နှစ်မိနစ်
ကျော်ကြာ အသံတိတ်သွားခဲ့တော့သည်။

ယင်း အဖြစ်အပျက်နှင့် ပတ်သက်၍ “အခန်းထဲမှာ အသံကို တိတ်သွားတာပဲ” ဟု သွားရောက် သတင်းယူခဲ့သူ သတင်းထောက် တယောက်က မဇ္ဈိမကို ပြောသည်။

အဖြစ်အပျက်ကို ပြန်လည် မပေါက်ကြားစေခဲ့သော်လည်း သတင်းစာ ရှင်းလင်းပွဲပြီး မကြာမီမှာပင် အင်တာနက်
၌ လူအများ စိတ်ဝင်စားမှု ခံရသော သတင်းတခု ဖြစ်နေသည်။

မြစ်ဆုံ ရေကာတာနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာခဲ့သော စာတမ်းများ ရှိ၊ မရှိ မေးမြန်း သည်ကိုမူ လျှပ်စစ်ဝန်ကြီးဌာနမှ ဒုညွန်မှူး တဦးက ပြီးခဲ့သည့် ရက်ပိုင်းက ဒုညွန်ချုပ် ကိုယ်တိုင် ဆောင်းပါး
ရေးထားကြောင်းနှင့် EIA - Environmental Impact Assessment မှ မြစ်အထက်ပိုင်း၌ သုတေသန လုပ်ထား
သော်လည်း မြစ်အောက်ပိုင်းကိုမူ လုပ်ဆောင်နေဆဲဟု ဖြေကြားသွားခဲ့သည်။

“အမျိုးသား အကျိုးစီးပွားရေးအရ သတင်းသမားတွေကို မေးမရ၊ မသိရတဲ့ဟာတွေ ရှိပါတယ်” ဟု ဦးကျော်ဆန်းက သတင်းထောက်များကို ပြန်လည် ဖြေကြား(ဓါတ်ပုံ မဇ္ဈိမ)
သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများနှင့် ဒေသခံတို့ကို ကြီးမားသော ဆိုးကျိုးများ ရှိနိုင်သည့် မြစ်ဆုံဆည် စီမံကိန်း
အပေါ် စိုးရိမ်ကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောဆိုထားသလို
 ပြည်တွင်း မီဒီယာများနှင့် အင်တာနက်တွင် ဝေဖန်မှုများ တွေ့လာရသည်။
 
သို့သော်လည်း အမျိုးသား အကျိုးစီးပွားရေးကို ကြည့်ပြီးနောက် ချင့်ချိန်ကာ ဆက်ပြီး ဆောက်ရွက်မည်ဟု ဦးကျော်ဆန်းက ဖြေကြားသွားသည်။

ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်တည်ရေးနှင့် ပတ်သက်၍ ဥပဒေဘောင် စည်းမျဉ်း အတိုင်း၊ ဥပဒေ မူဝါဒအတိုင်း ဆောက်ရွက် သွားရမည်ဟု ဦးကျော်ဆန်းက ဖြေဆိုသွားသည်။

ပထမပိုင်း စာတမ်း ဖတ်ကြားမှုတွင် ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ကိုသာ  “သူခိုးက လူဟစ်တယ်” ဟု ပြောကြားသွားသည်။

“တိုင်းရင်းသား အဖွဲ့ကို အပြစ်တင်သွားတယ်။ “သူခိုးက လူဟစ်တယ်” ဆိုပြီး ပြောလိုက်တယ်။ ဝန်ကြီး ကိုယ်တိုင် အဲဒီစကားပြောတယ်။ အဲဒါက ဘာလဲဆိုတော့ ကချင်မှာ ပါဂျရိုကားကို ပစ်သွားတဲ့ ကိစ္စမှာ KIO ကနေ သတင်း အမှားတွေ ထုတ်လိုက်လို့ ဆိုပြီးတော့ ပြောတယ်။ မိုင်းခွဲလို့ ရှိရင် ဒီလို မနေပါဘူး။ ဒါက သိသာထင်ရှားတဲ့ ကိစ္စပဲ”
ဟု သတင်းစာ ရှင်းလင်းပွဲ တက်ရောက်သူ ပြည်တွင်း သတင်းထောက်တဦးက ဆိုသည်။

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် တာပိန် ရေအားလျှပ်စစ် စက်ရုံမှ မိုးမောက်မြို့သို့ ပြန်လာသည့် ပါဂျရိုကားကို သြဂုတ်လ ၂ ရက်နေ့က ပစ်ခတ်ခဲ့သဖြင့် ကားပေါ်ပါလာသူ ဒုရဲအုပ်အောင်ကြည်ထွန်း အပါအဝင် ၇ ဦး သေဆုံး
ခဲ့မှုနှင့် ပတ်သက်၍ KIO ဘက်မှ ပြည်ပ သတင်းဌာနများကို သတင်းမှား ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက
ပြောဆိုသည်။

ဆက်လက်ပြီး KIO က လမ်း၊ တံတားများ မိုင်းခွဲ ဖျက်ဆီးခြင်း၊ ကားမိုင်းထောင် ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်
မှုများ ပြုလုပ်ခြင်းအပြင် ပြည်ပ သတင်းဌာနများသို့ သတင်းအမှားများ ပေးပို့ခဲ့သည်ဟုလည်း ပြောကြားသွားသည်။

ထို့အပြင်  ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)သည် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ချိုးဖောက်ကြောင်း၊ ဒေသခံ ပြည်သူများကို စစ်ပြေး ဒုက္ခသည်များ အဖြစ် အသုံးချ ဝါဒဖြန့်ကြောင်း စွပ်စွဲ
ပြောဆိုသည်။

ကေအိုအေ ဌာနချုပ် လိုင်ဇာမြို့တွင် လူ လေးထောင်ခန့်သာ လတ်တလောရှိပြီး ၇ဝ ရာခိုင်နှုန်းမှာ ကေအိုအေနဲ့ သက်ဆိုင်သူများသာ ဖြစ်ကြောင်း ကျန် ၃၀ ရာခိုင်နှုန်းမှာ နီးစပ်ရာကျေးရွာများမှ လက်နက်ဖြင့်ခြိမ်းခြောက်ပြီး အတင်းရွေ့ခံရသည့် သူများဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။

ကေအိုင်အို အဆိုအရ လိုင်ဇာမြို့တွင် စစ်ဘေးဒဏ်ကြောင့် ကချင်ပြည်နယ် အတွင်း ဇွန်လ ၉ ရက်မှစ၍ ဖြစ်ပွား
ခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေး ခိုလှုံလိုကြသည့် ဒေသခံ ပြည်သူ ၉၀၀၀ ကျော်အတွက် ကေအိုင်အိုက
လိုင်ဇာ၊ ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်တို့တွင် ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများ ဖွင့်ထားပေးသည်ဟု သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates