Friday, August 5, 2011

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကျောင်းသားများ တိုက်တွန်း


ချင်းမိုင်(မဇ္စျိမ) ။        ။ တိုက်ပွဲ ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာအစိုးရ အကြား အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရန် ၈၈ ကျောင်းသားများက သောကြာနေ့က တိုက်တွန်း လိုက်သည်။

“တိုင်းပြည်မှာ ပြည်တွင်းစစ်ကို ဦးတည်နေတဲ့ နယ်စပ် ဒေသမှာ ရှိနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အစိုးရသစ် လက်ထက်မှာ ထိုးစစ်ဆင်နေလို့ နယ်စပ်မှာ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံပြီးတော့ လူနေမှုဘဝတွေ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးကို လုပ်စေချင်တယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်
မြန်မာအစိုးရအကြား အပစ်အခတ် ရပ်စဲပြီး
ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရန် ၈၈
ကျောင်းသားများက တိုက်တွန်း
မြန်မာအစိုးရနှင့် တိုင်းရင်းသား အဖွဲ့များအကြား အပစ်အခတ် ရပ်ဆိုင်းကာ နှစ်ဘက် အပြန်အလှန် လေးစား၊ နားလည်မှုယူပြီး ငြိမ်းချမ်းရေး အတွက် ပြည်ထောင်စု တည်ဆောက်ရန် ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့က ၈၈ အရေးအခင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ထုတ်ပြန် တိုက်တွန်း လိုက်ခြင်း ဖြစ်သည်။

အစိုးရ ဖမ်းဆီးမှုကို ယနေ့ထိ ပုန်းရှောင်နေရာမှ လှုပ်ရှားနေသော မြေအောက် ၈၈ ကျောင်းသားများက အစိုးရကို တိုက်တွန်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တိုင်းပြည် ငြိမ်းချမ်းရေး အတွက် အာဏာရ အစိုးရသစ် အနေဖြင့် သဘောထားကြီးကြီး ထားပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်း အရ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများထားရှိကာ ထိရောက်သည့် ဖြေရှင်းချက်များ လုပ်ဆောင်သင့်ကြောင်း သူက မဇ္စျိမကို ပြောသည်။

“အားလုံးက ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းနေကြတဲ့ အချိန်မှာ လက်ရှိ အစိုးရအနေနဲ့ အားလုံးထက် သူက အင်အားရှိတယ်။ လုပ်ပိုင်ခွင့် အရှိဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်တဲ့ အတွက် သူတို့ကနေ ထိထိရောက်ရောက်နဲ့ သဘောထားကြီးကြီး လုပ်ဆောင်သင့်တယ်လို့ ကျနော်တို့ ပြောချင်တယ်” ဟု သူကပြောသည်။

ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံမှုကိုလည်း ကြိုဆို လိုက်သည်။ သို့သော် ယင်းတို့၏ တွေ့ဆုံမှုကို ထိရောက်မှု ရှိစေရန် အချိန်တိကျစွာ သတ်မှတ်၍ အမျိုးသား ညီညွတ်ရေးကို အကောင်အထည် ဖော်ရန် တိုက်တွန်းထားသည်။

“သူတို့ နောက်တွေ့ဖို့ ကိစ္စမှာ ရက်ကို သတ်မှတ်ထားတာ မရှိဘူး။ ဒါက မဖြစ်သင့်ဘူး။ ထိထိရောက်ရောက်နဲ့ လုပ်ဆောင်စေချင်တယ်။ ကျနော်တို့ တိုင်းပြည်က အချိန်က နောက်ကျပြီးတော့ ဘေးပတ်ဝန်းကျင် နိုင်ငံတွေက သူတို့ အကျိုးစီးပွား အတွက်ကို အမြတ်ထုတ်နေတာ များတဲ့ အတွက် အရမ်း အရေးကြီးနေပြီ၊ အရမ်း ချွတ်ခြုံကျ နေပြီ အဲဒါကြောင့် သဘာထားကြီးကြီးထားပြီး အမြန်လုပ်ဆောင်သင့်တယ်” ဟု ကိုစိုးထွန်းက ပြောသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက်လည်း KIO က တောင်းဆိုချက်ကို ထောက်ခံပြီး တနိုင်ငံလုံး
အပစ်ရပ်ရေး ထိုမှတဆင့် ထာဝရ ငြိမ်းချမ်းရေး လုပ်ဆောင်ရန်လိုပြီး ထိုသို့ မဟုတ်ပါက တိုင်းပြည်၏
ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းများ အောင်မြင်မည် မဟုတ်သလို၊ တိုင်းပြည် ငြိမ်းချမ်းနိုင်မည်
မဟုတ်ကြောင်း သူက ဆက်ပြောသည်။

ထို့ပြင် အစိုးရသစ်က အမျိုးသား ပြန်လည် သင့်မြတ်ရေး လိုလားလျှင် ဖမ်းဆီးထားသော ၈၈ ကျောင်းသား
ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းများ အားလုံးကို အမြန်ဆုံး လွှတ်ပေးခြင်းဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လိုလားကြောင်း ပြသပေးရန် ကျောင်းသားမျာက အစိုးရကို ထပ်မံ  တောင်းဆိုလိုက်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်း၊ ကိုမျိုးရန်နောင်သိန်းတို့ အပါအဝင် ကျောင်းသားအချို့က လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ၈ လေးလုံး ၃၂ နှစ်မြောက် အထိမ်းအမှတ်ပွဲ အဖြစ် ဝါဆို သင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ ဘုန်းကြီးကျောင်းတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates