Thursday, August 11, 2011

လက်ရှိနှုန်းထားနဲ့ ဆက်ကောက်မယ့် အိမ်ခြံမြေအခွန်

မဇ္ဈိမသတင်းဌာန| ကြာသပတေးနေ့၊ သြဂုတ်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ အိမ်ခြံမြေ အခွန်ကောက်ခံမှုကို လက်ရှိနှုန်းထားနဲ့ပဲ ကောက်ခံဖို့ ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့အထိ သက်တမ်းတနှစ် ထပ်မံတိုးမြှင့်လိုက်ကြောင်း ပြည်တွင်း အခွန်ဦးစီးဌာနနှင့် နီးစပ်သည့် အသိုင်းအဝိုင်း ထံမှ စုံစမ်းသိရှိရသည်။

အာဏာပိုင်များက လက်ရှိ အခွန်နှုန်းထားတွေထက် တိုးမြှင့်ကောက်ခံမှု ပြုလုပ်တော့မည်ဖြစ်ကြောင်း ဇွန်လ အတွင်းကတည်းက သတင်းထွက်နေခဲ့ပါတယ်။

အခွန်ရုံးများမှ အငြိမ်းစားထားပြီးဖြစ်သည့် စစ်ဘက် အရာရှိကြီးများပိုင်ဆိုင်ပြီး အရင်က အမည်မခံထားတဲ့ မြေတွေ
ကို အလျင်အမြန်အမည်ပြောင်းခြင်း၊ အခွန်ဆောင် အမည်ပြောင်းလုပ်မှုတွေကြောင့် ယင်းသတင်း ခိုင်မာသည်ဟု ယူဆရသည်။

အခွန်နှုန်းထားသစ် ကြောက်၍ ဗိုလ်ချုပ်များ အလုအယက် စာချုပ်ချုပ်ကြ (ဓါတ်ပုံ မဇ္ဈိမ)

သို့သော်လည်း တနှစ်တခါ သက်တမ်းတိုးရသော အခွန်ကောက်ခံမှုသတ်မှတ်ချက်သည် သြဂုတ် ၁၂ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း တစုံတရာ ညွန်ကြားချက်အသစ် မထွက်သေးသည့် အတွက် လက်ရှိ
နှုန်းထားဖြင့်ပင် ဆက်လက်ကောက်ခံသွားမည်ဟု ယုံကြည်ရသည်။

“ပြည်တွင်း အခွန်များ ဦးစီးဌာနကို လှမ်းမေးတော့ ဒီတိုင်းပဲ မပြောင်းဘူးလို့ ပြောတယ်။ ၁၁ ရက်နေ့အထိ ဘာညွှန်ကြားချက် အသစ်မှ မဝင်ဘူးလို့ ပြောတယ်” ဟု ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တဦးက မဇ္ဈိမကို ပြောသည်။

အိမ် အရောင်းအဝယ် ပြုလုပ်ရာ၌ ယခင်က ဝင်ငွေရလမ်း မဖော်ပြနိုင်သော၊ မရွှေ့ပြောင်းနိုင်သော အိမ်ခြံမြေ၊ အဆောက်အအုံ ပစ္စည်းများနှင့် ပတ်သက်၍ ဝယ်ယူသူမှ အစိုးရသို့ တန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းကို အမြတ်ခွန် အဖြစ် ပေးဆောင်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂ဝဝ၇ ခုနှစ် သြဂုတ်လမှစ၍ ပြဌာန်းခဲ့သည်။

ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့က သတ်မှတ်သည့် တန်ဖိုးနှင့် ပေးဆောင်ရမည့် အခွန်အဖြစ် အခြေပစ္စည်း တန်ဖိုး ကျပ် သိန်း ၅၀၀၀၀ (ကျပ်သိန်း ငါးသောင်း) အောက် ၁၅ ရာခိုင်နှုန်းနှင့် ကျပ် သိန်း ၅ဝဝဝဝ (ကျပ်သိန်း
ငါးသောင်း) အထက် ၁၂ ရာခိုင်နှုန်း ဟု သတ်မှတ်ခဲ့သည်။

ယင်း ၁၅ ရာခိုင်နှုန်းတွင် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်းနှင့် အမြတ်ခွန် ၈ ရာခိုင်နှုန်းဖြစ်ပြီး ၁၂ ရာခိုင်နှုန်းတွင် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်းနှင့် အမြတ်ခွန် ၅ ရာခိုင်နှုန်းဖြစ်သည်။

လက်ရှိတွင် သက်တမ်းတိုး၊ မတိုး စောင့်ကြည့်နေကြသောကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း၌ တန်ဖိုးကြီး အိမ်ခြံမြေ အရောင်းအဝယ်များ တုန့်နှေးနေကာ တန်ဖိုးနည်းသည့် ကျပ်သိန်း ၁ဝဝဝ (တထောင်) အောက် များသာ အရောင်းအဝယ် အနည်းငယ် ရှိနေသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates