Monday, August 1, 2011

ပတ္တနိက္ကုဇ္ဇန ကံဆောင် ဆရာတော် ဦးကောသလ္လ ပျံလွန်

အေးလဲ့| တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မန္တလေးမြို့မှ ၁၉၉ဝ ပြည့်နှစ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအတွင်း ထင်ရှားသော ဆရာတော်တပါး ဖြစ်သည့် ဦးကောသလ္လသည် ကျောက်ကပ် ရောဂါဝေဒနာဖြင့် ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏရာမ၊ ဘုရားကြီးတိုက်ရှိ နယားကျောင်း၌ စနေနေ့က ပျံလွန်တော်မူခဲ့သည်။

ဆရာတော်၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို တောင်မြင့်ရှိ သုသာန်၌ ယနေ့ မီးသင်္ဂြိုဟ်ကြောင်း လိုက်ပါ ပို့ဆောင်သူများက ပြောသည်။

ဆရာတော် ဦးကောသလ္လ သက်တော် ၅၂ နှစ်သည် ငယ်ဖြူ သံဃာတပါးဖြစ်ပြီး ပျံလွန်ချိန်၌ ဝါတော် ၃၂ ဝါ ရှိပြီ ဖြစ်သည်။ ၂ နှစ်နီးပါး ကျောက်ကပ် ဝေဒနာကို ခံစားခဲ့ရကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။

“ကျောက်ကပ်ကို သူ တပတ်တကြိမ် ဆေးနေရတယ်၊ ကျန်းမာရေးအတွက် ငွေရေးကြေးရေး အခက်အခဲ ရှိပေမယ့်လည်း ဒကာ၊ ဒကာမတွေအတွက် နှောင့်အယှက်ဖြစ်မှာစိုးလို့ အကူအညီမတောင်းဘူး၊ သူ့ဘာသာသူ လုပ်နေတယ်လို့ မိန့်ခဲ့ဖူးတယ်”ဟု မန္တလေးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ တိုင်း/စည်း ဦးမျိုးနိုင်က ပြောသည်။

နယားကျောင်းထိုင် ဆရာတော်ကြီး၏ တူအရင်းဖြစ်သည့် ဦးကောသလ္လ၊ လူအမည် ဦးဘုန်းစိုးမှာ မန္တလေးတိုင်း မြင်းခြံမြို့ တောင်သာ နယ်သားဖြစ်ပြီး ခမည်းတော် ဦးထွန်းခင်နှင့် မယ်တော် ဒေါ်ခွေးမတို့မှ မွေးဖွားခဲ့သည်။

ဦးကောသလ္လ သည် ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမူ၊ အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး မန္တလေးမြို့ လေးပြင်၊ လေးရပ် သံဃာ သမ္မဂ္ဂီ ရဟန်းပျိုအသင်းတွင် အလုပ်အမူဆောင်ဖြစ် လုပ်ခဲ့သည်။
နိုင်ငံရေးမှုဖြင့် ၃ နှစ်ကျော် အကျဉ်းကျခံခဲ့ဖူးသည်။ အိန္ဒိယဘက်သို့ တောခိုသွားသည့် ကျောင်းသားများကိုလည်း ကူညီပေးခဲ့သည်။

၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမူကတည်းက နယားကျောင်း၌ သပိတ်တပ်များ ခြေချ တပ်ဆွဲခဲ့သည့် နေရာဖြစ်ခဲ့ကြောင်း သိရသည်။

“ဒီမိုကရေစီ အရေးအတွက် တောက်လျှောက် ကူညီခဲ့တယ်၊ ကျောင်းသားလူငယ်တွေ အဖွဲ့ဘက်ကော၊ NLD အဖွဲ့တွေဘက်ကော အတော် ကူညီပေးခဲ့တဲ့ ဆရာတော်ကြီးပါပဲ”ဟု ဦးမျိုးနိုင်က ပြောပြသည်။

ဆရာတော်နှင့် လူမှုရေး နိုင်ငံရေး အလုပ်များ လက်တွဲဆောင်ရွက်ခဲ့သူ တဦးဖြစ်သည့် ဦးသိန်းသန်းဦးကလည်း “၂ဝဝဝ ခုနှစ် နောက်ပိုင်းမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့ အခါမှာ နေစရာ၊ ထိုင်စရာ မရှိဘူး၊ ငွေရေး၊ ကြေးရေး အခက်အခဲ ရှိတယ်ဆိုရင် ကျောင်းမှာကျွေးမွေးထားပြီး အလုပ်ရှာပေးတဲ့အထိ ဆရာတော်က ကူညီပေးတယ်။ နောက်ပိုင်း ကျန်းမာရေးကြောင့် နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် မလုပ်နိုင်ဘူး၊ သို့သော် နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သက်ပြီး ကူညီပေးနေတဲ့ ဆရာတော်တပါးပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က အသက် ၆၆ နှစ်ပြည့် အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ပင့်ဖိတ်စဉ်ကလည်း ကျန်းမာရေး အခြေအနေကြောင့် မကြွလာနိုင်ကြောင်း နောက်ဆုံး အခြေအနေကို ဦးမျိုးနိုင်က ပြောပြသည်။

ဦးပဉ္ဇင်းကောသလ္လသည် ကံဆောင်ပွဲတွင် ပါဝင်ခဲ့သူ ဖြစ်သော်လည်း အမှတ် ၁ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းက၂ဝဝ၄ ခုနှစ် နောက်ပိုင်း တောင်သာနယ် ဇာတိဖွား ဆိုသည့် ချဉ်းကပ်မူမျိုးဖြင့် အလှူအတန်း ပြုလုပ်မူများ ရှိပြီး မကွယ်လွန်မီအထိ ဆည်းကပ်မှု ရှိခဲ့သော်လည်း နိုင်ငံရေး သစ္စာမဖောက်ဟု ဦးသိန်းသန်းဦးက ဆိုသည်။

စစ်အစိုးရ အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ ဆွမ်း အစရှိသည့် လှူဖွယ် ဝတ္ထုများကို သံဃာတော်များက ငြင်းပယ်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းအား ၁၉၉၀ ခုနှစ်က ပထမအကြိမ် အဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။

ဆရာတော်၏ ဈာပန အခမ်းအနားတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ NLD အဖွဲ့ဝင်များ နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ လွမ်းသူ့ ပန်းခွေများ ပေးပို့ကြပြီး ကျောင်းသားဟောင်း အဖွဲ့အစည်းတွင် ပါဝင်ဖူးသူများ၊ ဘုရားကြီးကျောင်းတိုက် အတွင်း နေထိုင်ခဲ့ဖူးသူများဖြင့် စည်ကားကြောင်း လိုက်ပါ ပို့ဆောင်သူများက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates